Tuesday, November 18, 2008

လွမ်းမောစရာ အထက်တန်း ကျောင်းသား ဘဝ

အခုတလော စာကများပါတယ် ဆိုမှပဲ လုပ်ချင်စိတ်က မရှိ။ ဘလော့ပဲ ရေးချင်နေသည်။ ဒီနေ့တော့ ငယ်ငယ်က အထက်တန်းကျောင်းမှာ ဆိုးခဲ့တာတွေကို ရေးချင်ပါတယ်။ သီရိတို့ မောင်နှမတွေ အားလုံးက သူငယ်တန်းကနေ ၁၀တန်းအောင်တဲ့ အထိ ကျောင်းတစ်ကျောင်း ထဲမှာပဲ တက်ခဲ့တာဆိုတော့ ကျောင်းက ဆရာမတွေနဲ့လည်း အကုန်သိ.. မေမေကလည်း ကျောင်းက အမှုဆောင်ထဲပါတော့ ပိုဆိုး။ ဟိုးငယ်ငယ် ကတည်းကနေ ၈တန်း အထိတော့ နာမည် ကောင်းရပါတယ် လိမ္မာတယ်ပေါ့.. အဲ.. ၉တန်းလည်း ရောက်ရော.. ရုံးခန်းရောက် တာလည်း ခဏခဏ.. ဒဏ်ပေးခံ ရတာလည်း ဘယ်နှခါမှန်း မသိ။ တကယ်တော့ သီရိတို့က ဆိုးတာ မဟုတ်ပါဘူး.. သီရိတို့ အတန်းပိုင်က ဆိုးတာ.. နာမည်ကြီး။ သူ့အတန်း ရောက်ရင် ဘယ်လောက် လိမ္မာတဲ့ သူဖြစ်ဖြစ် ဆိုးသွားတာချည်းပဲ။ သူကဆိုးတော့ ကျောင်းသား တွေကလည်း သူ့ကို အရွဲ့တိုက်ကြ။

ဘယ်လောက်ထိ ဆိုးလည်း ဆိုရင် သူလိုက်ရိုက်ရင် ကျောင်းသားတွေက အခန်းပတ်ပြေးကြတယ်။ သူက ဝတော့ မလိုက်နိုင်ဘူးလေ။ တစ်ခါတစ်လေဆို ကျောင်းသားတွေက သူ့သောက်ဖို့ ဝယ်ထားတဲ့ လက်ဖက်ရည်တွေ ခိုးသောက်ကြ.. ပြီးတော့ လက်ဖက်ရည် အစား ရေတွေရော။ တစ်ခါကတော့ သူ သီရိတို့ သူငယ်ချင်း အဖွဲ့ကို တော်တော် ဒေါခီးသွားပါတယ်။ ကျူရှင်တစ်ခုက စာမေးပွဲရှိလို့ အဖွဲ့လိုက် ကျောင်းပျက်ကြတာလေ။ အဲ.. ခွင့်မဲ့ ပျက်တာ မဟုတ်ဘူးနော်။ ခွင့်တိုင်ပြီးမှ ပျက်တာကို သူက ရန်လုပ်တယ်လေ (အဲ့ ကျူရှင်က သူသင်တဲ့ ဘာသာ မို့လို့ပါ)။ ဒါနဲ့ နောက်နေ့ ကျောင်းလာလာချင်း ကျောင်းပျက်တဲ့သူ အားလုံးကို မတ်တပ်ရပ်ခိုင်း ၊ နောက်ပြီး နင်တို့အားလုံး နောက်တစ်ခါ ကျောင်းမပျက်ပါဘူး ဆိုတဲ့ ဝန်ခံလက်မှတ် ထိုးရမယ်တဲ့။

အဲ့ဒီမှာ သီရိသူငယ်ချင်း (အတန်းပိုင် မျက်မုန်း အကျိုးဆုံးသူပါ) တစ်ယောက်က ဆရာမ အဲ့လိုတော့ လက်မှတ် မထိုးနိုင်ဘူး ဆိုပြီး ပြောပါလေရော။ နေမကောင်းရင် ဘယ်လိုလုပ်မလဲတဲ့.. နေမကောင်းရင်လည်း ကျောင်းလာ ရမှာလား ဆိုပြီး ပြောတော့ အတန်းပိုင် ပေါက်ကွဲ သွားပါတယ်။ လာ.. နင်တို့ အားလုံးလိုက်ခဲ့.. ရုံးခန်းသွားမယ် ဆိုပြီး ကျောင်းအုပ်ဆီ ပါသွားပါလေရော (ကျောင်းအုပ်နဲ့ သူနဲ့က ငယ်သူငယ်ချင်းတွေပါ)။ ရုံးခန်းကို အယောက် ၂၀လောက် ပါသွားတာပါ။ အုပ်စုလိုက်ကြီး ပျော်ပျော်ပါးပါး ပြုံးစိပြုံးစိနဲ့ ပါသွားကြတာပါ။ တစ်ယောက်မှလည်း စိတ်ညစ် မနေပါဘူး.. အားလုံးက အတန်းပိုင်ကြီးကို ကြည့်ပြီး ရီချင်နေ ကြတာပါ။ နောက်တော့ ကျောင်းအုပ်က ခွင့်စာရွက်တွေကို ကြည့်ပြီး ခွင့်ရက် အများဆုံးသူ ၅ယောက်ကို မိဘခေါ်ပါတယ်။ သီရိဝင်းထိုက် တို့က ရှေ့ဆုံးကပေါ့။

နောက်နေ့ မိဘတွေခေါ်လာတော့ ကျောင်းသားမိဘတွေ အားလုံးက ကျောင်းအုပ်နဲ့ အသိ ဖြစ်နေပါတယ်။ အဲ့ဒီတော့ ကျောင်းအုပ် ခမျာလည်း ဆူရအခက် ၊ အော်ရအခက် ၊ ရိုက်ရအခက်ပါ။ နောက်ဆုံးတော့ “နောက်ကျောင်း မပျက်တော့ပါဘူး” ဆိုတဲ့ စာကြောင်းကို ၅ယောက်ပြိုင်တူ ၅ခါအော်ခိုင်းပြီး ပြန်လွှတ်လိုက်ပါတယ်။ အတော်လေးကို ရီချင်စရာပါ.. ရိုက်သာခံ ရရင်တော့ အဲ့လိုရီနိုင်မယ် မထင်ပါဘူး။ သီရိတို့ ကျောင်းက အရိုက်ကြမ်းတဲ့ နေရာမှာ နာမည်ကြီးပါ။ ဘယ်သူ့ကို ဖက်ပြီး အရိုက်ခံချင်လဲ.. နန္ဒာလှိုင်လား ခိုင်သင်းကြည်လား.. ဟဲ.. အဲ့ဒါ ကျောင်းက တိုင်လုံးကြီးတွေကို နာမည်ပေးထားတာပါ။ ကျောင်းသားကို တိုင်ဖက်ခိုင်းပြီး နောက်ကနေ ဆရာက သူ့အရပ်ထက် ရှည်တဲ့ ကြိမ်လုံးနဲ့ အားကုန် ဆော်တာပါ။ သီရိ အကိုတွေဆို ခဏရင်း အဆော်ခံနေကျ။

အဲ့ဒီအတန်းပိုင်နဲ့ သီရိနဲ့က တစ်ရပ်ကွက်ထဲ နေတာပါ။ အမေတို့နဲ့က ဟိုးအရင်ကတည်းက အသိ.. အတန်းပိုင်က တစ်ခါတစ်လေ အိမ်ထိလိုက်ပြီး တိုင်တာပါ။ ဟီး.. အမေတို့ကလည်း အဲ့ဒီဆရာမ အကြောင်း သိပြီးသား ဆိုတော့ အေးဆေးပါ။ တစ်ခါကလည်း သူလုပ်တာနဲ့ သီရိသူငယ်ချင်း နှလုံးရောဂါသည် ရောဂါဖောက်လို့ သူ့အိမ်က ချက်ချင်းလိုက်လာပြီး ဆေးရုံပို့ လိုက်ရတဲ့ အဖြစ်။ အဲ့ဒီအချိန် ကစပြီး သူလည်း သိပ်မပြောရဲ တော့ပါဘူး။ ကျောင်းအုပ်က သူ့ကို ခေါ်ပြီး ကြိမ်းလိုက်တာလေ။ နောက်ဆုံး ကျောင်းပိတ်ခါနီး ဆရာကန်တော့ပွဲ မှာတောင် ပြဿနာက တက်သေး။ သီရိတို့ သူငယ်ချင်း တစ်တွေ စုပြီး ဆရာ ဆရာမတွေ အားလုံးကို ညီတူညီမျှ ကန်တော့တာကို တစ်ခြား ဆရာတွေကို လျှော့ကန်တော့ဖို့ ပြောတာပါ(သူ့ကို ပိုပြီး အရေးပေး စေချင်တာပါ)။ တကယ်ကို တွေ့ဖူးသမျှထဲမှာ အဆိုးဆုံး ဆရာပါပဲ။ စိတ်ထား မကောင်းတာတော့ မဟုတ်ပါဘူး။ ဘယ်လိုပြောရ မှန်းလည်း မသိပါဘူး။

ငယ်ငယ်တုန်းက အကြောင်းတွေ တွေးလိုက်ရင်တော့ ရီချင်စရာတွေချည်းပါပဲ။ Bigbag သီချင်းထဲကလိုပေါ့.. အတိတ်ကို ပြန်စဉ်းစားရင် ရုပ်ရှင်ကြည့်ရ သလိုပဲ ဆိုတာ အတော်မှန်တာပါ။ ဒီအကြောင်းရေးနေတဲ့ အချိန်မှာ သီရိတို့ ကျောင်းကြီးနဲ့ သူငယ်ချင်းတွေ.. ဆရာမရဲ့ ပုံရိပ်တွေကို ပြန်ပြီး မြင်ယောင်လာမိပါတယ်။ လွမ်းစရာကောင်းတဲ့.. တစ်ချိန်က ကျောင်းတော်ကြီးရယ်.. ငါဘယ်အချိန် နင့်ဆီ လာလည်နိုင်မလဲလို့ တွေးရင်း.. စာကျက်ရပါဦးမည်။ တော်သေးပြီ။

Monday, November 17, 2008

ရထားနှင့် ခရီးတစ်ခေါက်

စင်္ကာပူက ရထားတွေကို တစ်ခါတစ်လေ အရမ်းကြာတယ်လို့ တွေးမိတယ်... တစ်နေရာရာ ရောက်ဖို့ သွားနေတာ အကြာကြီးပဲလို့ စိတ်ထဲထင်မိတာ တကယ်က ခရီးက ဝေးတာပါ။ ဒါပေမယ့် နောက်ဆို အဲ့လို ဘယ်တော့မှ ထင်တော့မှာ မဟုတ်ပါဘူး။ ဒီတစ်ခေါက် မြန်မာနိုင်ငံကို ပြန်တော့ ရန်ကုန်က မန္တလေး အပြန်မှာတော့ လေယာဉ်စီးတယ်။ မန္တလေးကနေ ရန်ကုန်ကို ပြန်တော့ ရထားစီးချင်တာနဲ့ ရထားနဲ့ ပြန်တာပေါ့ (မွန်သီရဲ့ မန္တလေး-ကသာ လမ်းမှာ ရထားပေါ်က လှမ်းရိုက်ထားတဲ့ ဓာတ်ပုံတွေကြောင့်လည်း ပါပါတယ်)။

ရထားက ၉း၄၅မိနစ်မှာ ထွက်တာပါ။ ထွက်တာကတော့ အချိန်မှန်ပါတယ်။ ဒါပေမယ့် ရထားပေါ်တက်တက်ချင်း ခံစားလိုက်ရတာကတော့ ရထားကြီးက စုတ်လိုက်တာလို့။ အရင်က ရထားတွေကမှ ကောင်းပါသေးတယ်။ အခုဟာက တရုတ်ကပို့လိုက်တဲ့ ရထားအသစ်ကြီးဆိုပဲ။ ရထားတစ်စီးလုံး ကြည့်ကြည့်... သစ်တဲ့နေရာဆိုလို့ တစ်နေရာမှကို မရှိတာ။ တရုတ်ပြည်မှာ စုတ်လွန်းလို့ ဘယ်သူမှ မစီးတော့တဲ့ ရထားတွေကို ပို့လိုက်တာပဲ ဖြစ်မှာပါ။ အဲကွန်းလေး တီဗွီလေးတောင် မပါရှာပါဘူး။ စထွက်တုန်းကတော့ နည်းနည်း မြန်ရှာ သလိုလိုပါပဲ။ ဒါပေမယ့် အဲ့လိုမြန်တာ နာရီပိုင်းလောက်ပဲ ရှိပါသေးတယ် .. အရှိန်က နှေးသွားလိုက် ဟိုမှာ ရပ်လိုက် ဒီမှာ ရပ်လိုက်နဲ့ တော်တော်ကို စိတ်ကုန်ဖို့ ကောင်းတာပါ။ အခုလည်း ရထားပေါ်မှာ အရမ်းကို ပျင်းနေတာနဲ့ စက်ဖွင့်ပြီး ရိုက်နေတာပါ။

ဆိုးတာက ပျဉ်းမနားမှာ အင်း.. နေပြည်တော်လို့ပဲ ခေါ်ခေါ်ပေါ့နော်... ဆိုကရေးတီး ပြိုင်မယ့်သူတွေပါတော့ ဗိုလ်မှူးက လာကြိုပါတယ်။ ရထားက ဗိုလ်မှူး အိပ်ရာထမယ့် အချိန်နဲ့ ကွက်တိ ဝင်နိုင်အောင် တစ်လမ်းလုံး ဖြည်းဖြည်း မောင်းလာတာပါ။ စဉ်းစား ကြည့်ကြပါ.. စီးလာတဲ့ ခရီးသွားတွေရဲ့ အချိန်တွေကိုမှ အားမနာ။ သူတို့ဆင်းတာကလည်း အကြာကြီးပါ။ နောက်ပြီး ပျဉ်းမနားမြို့ထဲမှာဆို ရထားက အမြန် မမောင်းရဘူးလား မသိပါဘူး.. တကယ့်ကို လိပ်နှုန်းနဲ့ မောင်းနေတာပါ။ သူ့ဟာသူ နှေးတာက ကိစ္စမရှိဘူး .. ကိစ္စရှိတာက ရပ်ရင် ဒါမှမဟုတ် နှေးနှေးလေး မောင်းရင် အိမ်သာက အရမ်း နံတာပါပဲ။ နောက်ဆို ဘယ်တော့မှ ရထားမစီး တော့ပါဘူး။ အချိန်ကုန် လူပန်း စိတ်ဆင်းရဲ ပျင်းလို့က သေတော့မယ်။ ဒါတောင် ရထားလက်မှတ်က ၃ရက်ကြိုဝယ်တာ မရလို့ အတွင်းလူနဲ့ ဝယ်ခိုင်းရတဲ့ အဖြစ်ပါ။

စဉ်းစားသာ ကြည့်ကြပါ... ဒီလို ရထားစုတ်ကြီးကိုတောင် အလုအယက်စီးနေရတဲ့ ကျွန်မတို့ မြန်မာနိုင်ငံက လူတွေ သနားစရာပါ။ ကျွန်မစီးတာက အထက်တန်းမို့ တော်ပါသေးတယ်.. တော်သေးတယ်ဆိုပေမယ့်လည်း တော်တော်ကို မသန့်တာပါ။ ရိုးရိုးတန်းများဆို ဘယ်လိုများနေမလဲလို့ စဉ်းစားမိပါတယ်။ မေမေကတော့ ကားပဲ ကြိုက်တယ်တဲ့.. မနက်လင်းရင် ရန်ကုန်ရောက်လို့တဲ့။ ဟုတ်တော့ ဟုတ်ပါတယ်.. ဒါပေမယ့် ကားက စီးရတာ တော်တော် ကျဉ်းကျပ်ပါတယ်။ အကောင်းဆုံး ကတော့ လေယာဉ်ပါပဲ.. ၁နာရီဆို ရောက်ပြီ။ ကော်ဖီနဲ့ မုန့်နဲ့လည်း ကျွေးသေးတယ်.. အေးဆေးပဲ။ အိမ်ကကားနဲ့ သွားရင်လည်း ဒုက္ခ ရောက်တာက အိမ်သာသွား ရတာပါပဲ။ လမ်းမှာ အိမ်သာ သွားချင်ပြီဆို ဆိုင်သေးသေး လေးဖြစ်ဖြစ် နည်းနည်းကြီး တာဖြစ်ဖြစ် အိမ်သာက မသန့်တာ များပါတယ်။

ကဲ.. ရထားကိစ္စ ပြန်ဆက် လိုက်ဦးမယ်။ အဲ.. အခုတော့ နည်းနည်း ပြန်မြန်လာပါပြီ။ ဒါပေမယ့် တောင်ငူတောင် မရောက် သေးပါဘူး... ရန်ကုန်ကို ဘယ်အချိန်မှ ရောက်ပါ့မလဲ မသိဘူး။ မနေ့ည ကတည်းက ခုချိန်ထိ ရေဆို ၂လုတ်ပဲ သောက်ရ ပါသေးတယ်။ ရှူပေါက် ချင်မှာစိုးလို့ ရေမသောက် ရဲတာပါ။ အိမ်သာသွားရမှာ အတော်ကို ဝန်လေးစရာ ကောင်းပါတယ်။ ပြောတုန်းဆိုတုန်း အရှိန်က နှေးသွားပြန်ပါပြီ။ စိတ်တိုလာပြီနော်.. တစ်နာရီ တစ်မိုင်နှုန်းနဲ့များ သွားနေသလား မသိဘူး။ အဲ့လိုတော့ မဖြစ်ကောင်းပါဘူး .. အဲ့လိုသာဆို နာရီ ၄၀၀ကျော်လောက် ကြာသွားမှာ ပေါ့နော်။ ဒါပေမယ့် ရထားကြီးကိုတော့ နာမည်ပြောင်း ပေးချင်ပါတယ် ... အနှေးရထားလို့။ နှေးသွားပြန်ပြီ.. ရပ်ဦးမှာလား မသိပါဘူး... စိတ်ကုန်ပါတယ်။

အပေါ်မှာ ရေးထားတာ တွေကတော့ ရထားပေါ်မှာ စိတ်ညစ်ညစ်နဲ့ ရေးခဲ့တာတွေပါ။ ကျွန်မ အဲ့ဒီရထားပေါ်မှာ နာရီ ၂၀ ကျော်အောင် နေခဲ့ရပါတယ်။ ညနေ ၆နာရီလောက်မှ ရန်ကုန်ကို ရောက်တာပါ။ ပြန်တွေး ကြည့်တိုင်းလည်း စိတ်ညစ်ပါတယ်။

မိုးသည်းတဲ့ နေ့တစ်နေ့

ဒီနေ့ မနက်မိုးလင်းတော့ နေမသာ မိုးမအုံ့ အခြေအနေလေးပါ။ ရေချိုးပြီး ကျောင်းသွားဖို့ ထွက်လာတော့လည်း ရာသီဥတုက သာသာယာယာပါပဲ။ ဒါပေမယ့် ကျောင်းလည်း ရောက်ရော.. မိုးတွေက တော်တော်လေး အုံ့နေပါတယ်။ အိမ်သာထဲ ခဏဝင်ပြီး ထွက်လာတော့ မိုးတွေရွာနေပါပြီ။ ဪ.. စင်္ကာပူရယ်.. အပြောင်းအလဲ မြန်ပါပေ့။ ကျောင်းမှာ project လုပ်ဖို့ သူငယ်ချင်းတွေနဲ့ ချိန်းထားတာပါ။ ချိန်းထားတဲ့ သူတွေကလည်း မရောက်သေးဘူး ဆိုတော့ lab ထဲလည်း တစ်ယောက်ထဲ သွားမနေချင်တာနဲ့ စာသင်ဆောင် တစ်ခုအောက်မှာ တစ်ယောက်တည်း သွားထိုင်နေပါတယ်။ ခဏကြာတော့မှ သူငယ်ချင်း ၂ယောက် ရောက်နေမှန်း သိတာနဲ့ သူတို့ဆီ သွားလိုက်ပါတယ်။ နောက်တော့ ထမင်းစားချိန် ရောက်တာနဲ့ food court ကို သွားပြီး ထမင်းစား.. မိုးကလည်း သည်းကြီး မည်းကြီး ရွာနေတုန်းပါပဲ။ ထမင်းစားပြီးတဲ့ အချိန်မှာ ပိုပြီး သည်းလာပါတယ်.. လေတွေပါ တိုက်လာတယ်။ အိုး.. ချမ်းပြီပေါ့ SALC အောက်မှာဆိုတော့.. အဲ့ဒီနေရာက ကျောင်းသားတွေ စာလုပ်ဖို့ ဒါမှမဟုတ် ထမင်းစားဖို့ လုပ်ပေးထားတဲ့ နေရာပါ။ တဖက်က ဘောလုံးကွင်းနဲ့ ဆက်နေပြီး လေဟာပြင်ဆိုတော့ မိုးရွာပြီး လေတိုက်ရင် အတော်လေး ချမ်းပါတယ်။ ဒါနဲ့ မနက်ကတည်းက သောက်ချင်ပေမယ့် ရင်တုန်မှာစိုးလို့ မသောက်ခဲ့ရတဲ့ ကော်ဖီကို သွားသတိရမိပါတယ်။ အဲ့လို မသောက်ခဲ့တဲ့ ကြားကကို ရင်ကတုန်နေ ပါသေးတယ်။ ဒီလိုဆိုတော့လည်း ဖြေဆေးပေးတဲ့ အနေနဲ့ ကော်ဖီပဲ ပြန်သောက် ပေးလိုက်ပါတယ် (သိတယ်မလား တရုတ်ကားတွေ ထဲကလို အဆိပ်ကို အဆိပ်နဲ့ ပြန်ဖြေသလိုပေါ့)။ မိုးအေးအေးလေးမှာ ကော်ဖီလေး တစ်ခွက်နဲ့ အရမ်းကို အရသာ ရှိပါတယ်။ တိတ်ဆိတ်မှုလေးသာ ထပ်ဖြည့်ပေးလိုက်ရင် ပိုပြီး ပြည့်စုံသွားမှာပါ။

Sunday, November 16, 2008

လူတွေ ပြောကြလွန်းသော အချစ်အကြောင်း

အချစ်.. အချစ်.. အချစ်.. လူတိုင်းလိုလို ပြောနေကြသော အချစ်။ ကျွန်မ မသိသေးသော အချစ်။ ပတ်ဝန်းကျင်မှာ ရှိတဲ့လူတိုင်းလိုလိုက အချစ်အကြောင်း ပြောနေကြတော့ နည်းနည်းတောင် စိတ်ဝင်စား သလိုလို ဖြစ်လာတယ်။ အဓိပ္ပာယ်ဖွင့်လို့ မရတဲ့ အချစ်ကို လူတွေက အမျိုးမျိုး အဓိပ္ပာယ် ဖွင့်ကြတယ်။ သီရိကတော့ အချစ်ဆိုတာကို အချစ်လို့ပဲ မြင်ပါတယ်။ အချစ်ဆိုတာ အဓိပ္ပာယ် ဖွင့်ဖို့မဟုတ်ဘူးလို့ ထင်ပါတယ်။ ဒီလိုပါပဲ.. လူတွေက မလိုတဲ့ အပိုတွေကို လုပ်နေကြတာပါပဲ။

သူငယ်ချင်းတစ်ယောက်ကပြောတယ်..If you can see an imperfect man as perfect, then you are in love for sure. ဒီစာကြောင်းလေးကိုတော့ သဘောကျပါတယ်။ တကယ်ချစ်ပြီဆိုရင်တော့ အဲ့ဒီလိုပဲ ဖြစ်ပါလိမ့်မယ်.. “အချစ်မှာ မျက်စိမရှိဘူး” ဆိုသလိုပေါ့။ ပြောရရင်တော့ အချစ်မှာ မျက်စိတင် မကပါဘူး.. ဦးနှောက်လည်း မရှိပါဘူး။ လူတွေက အချစ်နဲ့ ပက်သက်လာရင် ရူးရူးမိုက်မိုက် လျှောက်လုပ်တတ် ကြပါတယ်။ တစ်ခါတစ်လေတော့လည်း စဉ်းစားမိပါတယ် လူတွေက ကိုယ်လုပ်ချင်တာတွေ လျှောက်လုပ်ပြီး အချစ်ကိုများ လွှဲချကြသလားလို့။

သီရိကတော့ မချစ်တတ် သေးလို့ပဲလား မသိဘူး.. အချစ်ကြောင့် ရူးသွပ်ကြ တာတွေကို တကယ်ကို လက်မခံနိုင်ပါဘူး။ နောက်ပြီး Forever Love ဆိုတာလည်း သီချင်းတွေ ကဗျာတွေ ဝတ္ထုတွေ ထဲမှာပဲ ရှိတဲ့အရာ များလားလို့။ အပြင်မှာတော့ တစ်ခါမှ မမြင်ဘူးသေးပါဘူး။ အပြင်မှာ မြင်ဖူးတာတွေကတော့ သစ္စာဖောက်မှုနဲ့ အသဲကွဲမှုတွေပါပဲ။ လက်ထပ်ပြီးသားသူ တော်တော်များများ ဆီက ကြားရတာတွေကတော့ မကောင်းတာတွေချည်းပါပဲ။ ကလေးကြောင့်မို့သာ ဆက်ပေါင်းနေရတာတို့ ၊ နာမည်ပျက်မှာစိုးလို့ မကွဲတာတို့ ၊ ကွဲမထူး မကွဲမထူးမို့ သည်းခံနေကြတာတို့.. အို.. စုံနေတာပါပဲ။ ဒီလိုဆိုတော့ သူတို့တွေက မချစ်ပဲ လက်ထပ်ခဲ့ကြတာလား ဆိုတော့လည်း မဟုတ်ပြန်ပါဘူး။ ချစ်လွန်းလို့ တူတူနေချင်ပါတယ် ဆိုပြီးမှ လက်ထပ်ခဲ့ကြတာပါ။ ပထမတစ်နှစ်လောက်ကတော့ ကောင်းကြပါသေးတယ်.. သွားအတူ.. လာအတူ.. စားအတူ။ ဒါပေမယ့် နောက်တော့ ဘာဖြစ်သွားကြတာလဲ.. အချစ်ဆိုတာက ကုန်သွားတတ်တဲ့ အရာမျိုးများလား ..

လက်ထပ်ပြီးသား သူတွေပဲ ပြဿနာတက် ကြတာလားဆိုတော့ မဟုတ်ပြန်ပါဘူး။ လက်မထပ်ရသေးတဲ့ သူတွေမှာလည်း ပြဿနာက ရှိတာပါပဲ။ ယောက်ျားတွေကပဲ မကောင်းတာလား မိန်းကလေးတွေပဲ ဆိုးတာလား.. ကြုံဖူးတဲ့ case တွေကတော့ ယောက်ျားတွေ မကောင်းတာပါ။ အဲ.. နောက်တစ်ဖက်က မိန်းကလေး ဆိုးတာလည်း ပါတာပေါ့နော်။ တွေ့ဖူးတဲ့ စုံတွဲတစ်တွဲပါ။ ကောင်လေးက မချောပါဘူး.. သူရထားတဲ့ ကောင်မလေးက တော်တော်လှပါတယ်.. သူ့ကို ကြိုက်တဲ့သူတွေ အများကြီးပါ။ တွဲတာ ၂နှစ်လောက်ကြာတော့ ကောင်လေးဘက်က တဖြည်းဖြည်း ဖောက်လာပါတယ်။ သူ့ကို တခြားကောင်မလေး တစ်ယောက်က အီစီကလီလုပ်တော့ မခံနိုင်ပဲ ဟိုကောင်မလေးဘက် ပါသွားပါတယ်။ ဒီလိုနဲ့ သူတို့ ၂ ယောက် ပြတ်သွားပါတယ်။ ပြတ်သွားပြီးတော့မှ ပထမရည်းစားကို ပြန်ဆက်ပါတယ်.. အချစ်ဆိုတာ မရှိတော့မှ သိတတ်တဲ့ အရာမျိုးလား..

ကဲ.. ရေးတာလည်း နည်းနည်း ရှည်သွားပြီဆိုတော့ တစ်ခန်းရပ်ပါဦးမည်။

Saturday, September 27, 2008

စင်္ကာပူမှ မြန်မာသံရုံး

မြန်မာနိုင်ငံ ပြန်မှာမို့ မြန်မာသံရုံးကို သွားရ၏။ ကျောင်းသားဖြစ်ကြောင်း ထောက်ခံစာ သွားယူခြင်းပါ။ အမှန်အတိုင်း ပြောရရင်တော့ မြန်မာသံရုံးကို ဖြစ်နိုင်သရွေ့ မသွားချင်ပါ။ အကြောင်းအရင်း များကတော့ များစွာ ရှိပါ၏။ အခုတစ် ခေါက် သွားတော့လည်း အဆင်ပြေပါစေလို့ ဆုတောင်းတဲ့ထဲက အဆင်မပြေတာတွေက ဖြစ်သွားသေးတယ်။ ကဲ.. ထားပါတော့ .. အဆင်မပြေ တာတွေကိုတော့ မပြောချင်တော့ပါ။ အဲ.. ပြောချင်တာက အခွန်ဆောင်ရတဲ့ အကြောင်း။

သီရိ့ သူငယ်ချင်းရဲ့ အသိတစ်ယောက်က အလုပ်လုပ် နေပြီဆိုတော့ သူက လူကြုံရှိတာနဲ့ အခွန်ဆောင် ခိုင်းလိုက်ပါတယ်။ အဲ့သူငယ်ချင်းက အကြောင်း အမျိုးမျိုးနဲ့ ပြန်သွားတော့ သူ့အစား သီရိက ဆောင်ပေးရတာပေါ့။ ဆောင်မယ် ဆိုတော့လည်း အခွန်ဆောင်ဖို့ အတွက် စာရွက် စာတန်းထပ်ဖို့ အရင်ဆုံး နာမည်ပေးရပါတယ်။ အဲ့ဒီနာမည် ပေးထားတာကို ခေါ်တော့မှ စာရွက်စာတန်းတွေ ပြပြီး ဘယ်လောက် ဆောင်ရမယ်ဆိုတာကို တွက်ပေးတာပါ။ တွက်ပေးပြီးရင် ပိုက်ဆံတန်းပေးလို့ မရပါဘူး.. ပိုက်ဆံပေးဖို့ အတွက် ထပ်ပြီး စောင့်ရ ပါတယ်။ ဪ..စင်္ကာပူ ရောက်တာတောင် မြန်မာနိုင်ငံက အစဉ်အလာ ပျက်မှာစိုးလို့ ထင်ပါရဲ့..မြန်မာသံရုံးက ကောင်တာလေး ၂ခုရှိတာကို ဟိုလွှတ်လိုက် ဒီလွှတ်လိုက်(တော်သေးတာပေါ့ ကောင်တာ၂ခုထဲ မို့လို့..မဟုတ်ရင် မလွယ်ဘူး)။

သီရိ အလှည့်ရောက် တော့ သွားတာပေါ့.. ဟိုက မေးတယ်.. စာရွက်ထဲမှာ တွေ့နေတာတွေကို ပြန်မေးနေတယ်.. ဒီက အစားလုပ်ပေးပါတယ်ဆို ..ဘယ်သိမလဲ။ မသိဘူး ချည်း ပြောတော့ သူလည်း သိပ်မမေးတော့ဘူး။ နောက်တော့ ဘယ်လထိ ဆောင်မှာလဲတဲ့.. ဖုန်းခေါ် ပြီး ကာယကံရှင်ကို မေး.. မေးပြီးတော့ ပြန်ပြော။ ပြောတော့ သူက PR မဖြစ်ခင်ကတော့ ၁၀% တဲ့.. စဖြစ်တဲ့ လက စပြီး ၁၅၀သွင်းရမယ်တဲ့။ သွင်းမှာလားတဲ့ ..ဘယ်သိမလဲ .. ဖုန်းပြန်ဆက်ရော။ ဆက်ပြီး ပြောပြတော့ ဟိုက မသွင်းဘူးတဲ့.. အဲ့အချိန် မှာ ရှေ့က အခွန် လာဆောင်တဲ့ အန်တီကြီးကလည်း လက်ဟန် ခြေဟန်နဲ့ ဘာတွေ လုပ်ပြနေတာလည်း မသိဘူး.. လုပ်တော့ လုပ်ပြနေတယ် .. ကောင်တာရှေ့မှာ ဆိုတော့ ပါးစပ်ကနေလည်း ပြောလို့က မရဘူးလေ။ ပုံစံကတော့ မသွင်းနဲ့လို့ ပြောနေတဲ့ ပုံစံပါပဲ။ ဟို ကာယကံရှင်ကလည်း မသွင်းဘူးဆိုတော့ ပြန်လာခဲ့တာပေါ့။

ဘတ်စ်ကား မှတ်တိုင်မှာ ဘတ်စ်ကား စောင့်နေတဲ့တုန်း ဟိုသံရုံးမှာ တွေ့ခဲ့တဲ့ အန်တီကြီး ရောက်လာ ပါလေရော။ ရောက်လာပြီး သမီးတို့ မဆောင်လိုက်တာ ကံကောင်းတယ်တဲ့ ။ ၁၅၀ ဆိုတာ အရမ်းများတယ်တဲ့။ ၁၀၀ လောက်ထိ ဆစ်လို့ရတယ်ဆိုပဲ။ အသနားခံစာဆိုလား ဘာလား အဲ့လိုလည်း တင်လို့ရတယ်တဲ့။ သူတို့ စိတ်ကြည်ရင် ကြည်သလို.. ၁၀၀ကနေ ၁၅၀ အတွင်း အခွန်က ဖြစ်နိုင်တယ်တဲ့။ သူတို့ စိတ်မကြည်ရင် များမယ်ပေါ့.. စိတ်ကြည်ရင်တော့ နည်းမယ်တဲ့။ ပထမတစ်ခေါက် ဆောင်ပြီးသွားရင် နောက်အခေါက်တွေကလည်း အဲ့အတိုင်းပဲ ဆောင်ရတာတဲ့။ အဲ့ဒါကြောင့် ပထမတစ်ခေါက်က အရေးကြီးတယ်တဲ့။ ဘုရားရေ.. သူတို့အခွန်ကလည်း ပစ္စည်းဝယ်တာကျနေတာပဲ .. ဈေးက ဆစ်ရသေး။ နောက်ပြီး သူတို့ စိတ်ထင်သလို လုပ်တာဆိုပဲ.. ဘယ်လိုကြီးပါလိမ့်။ ပြောရရင်တော့ နားကိုမလည်တော့ပါဘူး (အဲ့လိုပဲ နားမလည်ချင်ယောင်ဆောင်နေတာပဲ ကောင်းပါတယ်။ လည်ရင် စိတ်တိုနေရဦးမယ်)။
Extended text comes here.

Friday, September 12, 2008

Learning New Skill.

သီရိတို့ သူငယ်ချင်းတစ်တွေ စကိတ်စီးသင်နေတာ ၂ပတ်ရှိသွားပါပြီ (တစ်ပတ်မှာ၁ရက်ပဲ စီးတာပါ) ။ အရင်အတန်းထဲက စလုံးသူငယ်ချင်း တစ်ယောက် သင်ပေးတာပါ။ ပထမတစ်ရက် စ စ စီးချင်းတုန်းက တော်တော် ဒုက္ခရောက် ပါတယ် (ဒုတိယရက်မှာ ဒုက္ခမရောက်ဟု မဆိုလိုပါ :P) .. ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ဖို့တောင် အနိုင်နိုင် ။ လူက ဘာမှ တောင် မလုပ်ရသေးဘူး.. ချွေးတွေက ရွှဲနေပြီ။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်သွားတော့ လမ်းလျှောက်နိုင်အောင် ကျင့်ရပါ တယ်။ လဲမှာကလည်း ကြောက် ၊ တတ်ကလည်း တတ်ချင်ဆိုတော့ လမ်းကို ဖြည်းဖြည်းလေး စလျှောက်ရတာပေါ့ .. ကိုယ့်ကို ကိုယ်တော့ ပြန်မမြင်ရတော့ ဘယ်လို ဖြစ်နေလဲ မသိဘူး.. ဒါပေမယ့် တခြား သူငယ်ချင်း ၂ယောက်ကို ကြည့်လိုက်တော့ စက် ရုပ်တွေ လမ်းသွားနေတာနဲ့ တူပါတယ်။ ကိုယ့်ဘေးမှာ ပတ်စီးနေကြတဲ့လူတွေက အားလုံး pro တွေ .. သီရိတို့ ၃ယောက်က ကွင်းထဲမှာ ကားယားကားယားနဲ့.. မြင်သာကြည့်ကြပါ။ လဲလိုက်တာလည်း တဘိုင်းဘိုင်းပါပဲ.. ဖင်ထိုင်လျက် လဲတာ များတယ် .. ပြီးတော့ လက်ကလည်း အော်တို ထောက်ပြီးသား ဆိုတော့ လက်မှာလည်း အညိုအမည်းတွေ စွဲလို့ပါပဲ ။ နောက်နေ့ မနက် နိုးတော့လည်း လူက တစ်ကိုယ်လုံးကို နာနေတာပဲ.. အဲ .. နာတယ် နာတယ် .. နာတာ ပျောက်ခါနီးတော့ နောက်တစ်ပတ် သောကြာ ထပ်ရောက်လာပါတယ် ။ ထပ်ရောက်တော့ ထပ်စီး၊ ထပ်စီးတော့ ထပ်လဲ၊ ထပ်လဲတော့ ပြန်နာတာပေါ့ ။ ဒီသံသရာက ဘယ်တော့မှ လွတ်မလဲလို့ မျှော်လင့် တောင့်တရင်း မကြာခင် ဆေးလိမ်းလိုက်ပါဦးမည်။

Thursday, July 24, 2008

NAPFA TEST

အရင်ဆုံး NAPFA TEST အကြောင်းပြောချင်ပါတယ်။ NEPFA TEST ဆိုတာ poly နောက်ဆုံး နှစ် ကျောင်းသား ကျောင်းသူတိုင်း ဖြေရတဲ့ test ပါ။ အထူးသဖြင့် Singaporean ယောက်ျားလေးတွေ အတွက်ပါ… NAPFA TEST မအောင်တဲ့ သူဆို NS (National Service) သွားရင် ၃လ ပိုပြီး train ခံရတယ်တဲ့ ။ International studentsတွေကတော့ မဖြေလည်းရပါတယ်… ဒါပေမယ့်လည်း သီရိတို့ သူငယ်ချင်းတစ်တွေကတော့ participation အမှတ် လိုချင်တာနဲ့ သွားဖြေကြပါတယ်။

အဲ့ဒီ test က ဘာတွေ ဖြေရတာလည်း ဆိုတော့ ခါတိုင်း စာမေးပွဲလို စာမေးပြီး စာဖြေရတာ မဟုတ်ပါဘူး ။ ကြံ့ခိုင်မှု စစ်ဆေး တာပါ… ဘာတွေ လုပ်ခိုင်းလဲဆိုတော့ test ၆ခု ရှိပါတယ်။

၁။ Sit-ups - အိပ်ထမတင်
၂။ Standing broad jump - အကျယ်ခုန်
၃။ Sit & Reach - ပျော့ပျောင်းမှု
၎။ Pull-ups - ဘားဆွဲ
၅။ Shuttle Run - တာတိုပြေး
၆။ Run & Walk - တာရှည်ပြေး

အဲ… test တွေ အကုန် ကြည့်ကြည့်လိုက်တော့ မြန်မာနိုင်ငံမှာ လုပ်ခဲ့ဖူးတာဆိုလို့ တစ်ခုမှ မရှိ။ ငယ်ငယ်ကတည်းက ပြေးရမှာဆို လည်း အသေကြောက်… အိပ်ထမတင်ဆိုလည်း မလုပ်ဖူး… ဘားဆွဲတာဆိုတာတော့ ဝေးလာဝေး။ ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့… သွားဖြေ မယ်ဆိုပြီး သူငယ်ချင်းတွေ အုပ်စုလိုက်ကြီး သွားဖြေ ကြပါတယ်။ သွားမဖြေခင် ၃ရက်လောက် အလိုမှာတော့ နည်းနည်း လေ့ကျင့် ထားတာပေါ့… ကောင်းကျိုးကတော့ တကယ်ဖြေတဲ့နေ့မှာ တစ်ကိုယ်လုံး နာပြီး ပေါင်တွေ တောင့်နေတာပါပဲ။

ကိုယ့်ကိုကိုယ် မအောင်နိုင်မှန်းလည်း အစကတည်းက သိပါတယ်… ဒါပေမယ့် အောင်မှတ်တွေကို ကြည့်လိုက်တဲ့အခါမှာတော့ ပိုသေ ချာသွားပါတယ်။ အောင်မှတ်တွေက…

၁။ 20 sit-ups within 1 minute
၂။ 156 cm for broad jump [၅ ပေကျော်ပါ]
၃။ sit & reach – 22cm [ဒီလို ရေးထားပေမယ့် ကျွန်မ သီရိ 29cm ဖြင့်ကျပါ၏။]
၎။ Pull-up – 5 times
၅။ 12.4 second for shuttle run
၆။ 17 minutes for Run & Walk [2.4km]

၅နာရီ ခွဲခါနီး ကျတော့ သီရိတို့ သူငယ်ချင်း တွေလည်း sport complex ကို သွားကြပါတယ်။ သူငယ်ချင်းတွေ ကျောင်းသား
ကတ် နဲ့ နံပါတ်ပြား နဲ့ လဲကြတော့ မွန်သီက ၁၉ ၊ အိမောင်က ၂၀ ၊ သီရိက ၂၁ ၊ Vicky က ၂၂ ၊ အိဖြူက ၂၃ နဲ့ Wanchin က၂၄ပါ ။ သူတို့က ၁၀ယောက်ဆီ ခွဲလိုက်တော့ မွန်သီနဲ့ အိမောင်က တခြား အဖွဲ့ထဲ ပါသွား ပါတယ်။ ပြိုင်ကျတော့ စစချင်း broad jump ပြိုင်ရပါတယ် … ကံဆိုးတဲ့ ကျွန်မကတော့ အမြဲတမ်း ပထမဆုံး လုပ်ရတာပါပဲ … နံပါတ်က ၂၁ဆိုတော့။ စခုန်တော့ အောင်မှတ်မရပါဘူး။ ဒုတိယအကြိမ်ခုန်တော့လည်း မအောင်ဘူး။ အဲ့ဒီမှာ မယုံနိုင်လောက်အောင် ခုန်ပြသွားတာကတော့ Vicky ပါပဲ… 180 cm … ၆ပေပါ။ သူ့အရပ်ထက် ၁ပေတိတိ ကျော်အောင် ခုန်နိုင်တဲ့သူပါ။ သူဘယ်လို ခုန်သွားမှန်းတောင် မသိ လိုက်ပါဘူး… ဖားလေးအတိုင်းပဲ… မျက်စိရှေ့တင် ဝှစ်ကနဲ့ ရောက်သွားတာပါ။

နောက် အိပ်ထမတင်လုပ်တော့လည်း သီရိတို့ လေးယောက်ထဲက ၁ယောက်မှ မအောင်ပါဘူး။ သီရိကတော့ စံချိန်ချိုးပါတယ်… no count လေ ။ Wanchin ကလည်း အားကျမခံ လုပ်တာပေါ့ … sit & reach မှာ 51cm နဲ့ အဖွဲ့ထဲက ကောင်လေးတွေ ကိုတောင် စံချိန်ချိုး လိုက်နိုင်ပါတယ်။ နောက်တော့ ဘားဆွဲ ရပါပြီ… အဲ…ထူးဆန်းတာက အဲ့ဒါ ကျွန်မအောင်တဲ့ တစ်ခုတည်းသော test ပါ။ မဖြေခင် တစ်ရက်က လေ့ကျင့်တုန်းကတော့ ၂ခေါက်ထက် ပိုမရပါဘူး ။ တကယ့်နေ့မှာ ရလို့ တော်သေး။ Shuttle run ကတော့ 10m အကွာအဝေးမှာ သစ်သားတုံးလေး ၂တုံး ချထား ပါတယ်။ အဲ့ဒါကို သွားယူပြီး စည်းဘက်မှာ ထားပေးရမှာပါ။ ၂တုံးဆိုတော့ 10m ကို လေးခေါက်ပေါ့… ၁၂.၄ စက္ကန့် အတွင်းမှာ ပြီးရမှာပါ။ အင်း… အဲ့ဒါလည်း မအောင်ပါဘူး။

ကဲ… ဒါတွေအားလုံးပြီးသွားတော့ တာရှည်ပြေးရပါတော့မယ်။ အကုန်ဖြေပြီးမှ မွန်သီနဲ့ အိမောင်ကိုတွေ့လို့ မေးကြည့်တော့ မွန်သီက ဖြေခဲ့သမျှ အကုန် အောင်ပါတယ်။ အဲ့ဒီတော့ သူ့ကို အားလုံး ဝိုင်းအားပေး ကြတာပေါ့… နောက်ဆုံး တစ်ခုကို ရအောင် ပြေးဆိုပြီး [ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ… ၁၇စက္ကန့်နဲ့ ကပ်ပြီး ကျသွားရှာပါတယ်] ။ ပြေးကျတော့ Wanchin က တစ်ပတ်နဲ့ မပြေးနိုင်တော့ဘူး ဆိုပြီး ရပ်သွားပါတယ် ။ သီရိကတော့ ၄ပတ်ပြေးပြီး ဗိုက်အောင့်တာနဲ့ ရပ်လိုက်ပါတယ်။ ကျန်တဲ့သူတွေကတော့ ၆ပတ်ပြည့်အောင် ပြေးကြပါတယ်။ အဲ…ဆိုးတာတစ်ခုကတော့ ကိုယ့်ကို စာရင်းမှတ်တဲ့ ခေါင်းဆောင်မကောင်းရင် ခံရတာပါပဲ။ အိမောင်နဲ့ မွန်သီ့လိုပေါ့ သူတို့ ခေါင်းဆောင်က တစ်ယောက်တည်းပါ … အဲ့ဒီလူက တစ်ချိန်လုံး ငေးနေပုံပါပဲ ။ မွန်သီနဲ့ အိမောင်ကို ၁ပတ်စီ လိုတယ်ဆိုပြီး နောက်ဆုံးမှာ ပြောပါတယ်။ တကယ်ဆို အိမောင်က ၁၇မိနစ် ကွက်တိမှာ ပန်းဝင်တာပါ။

ပင်ပန်းပေမယ့် သူငယ်ချင်းတွေနဲ့ တူတူဖြေရတော့ အရမ်းပျော်ဖို့ ကောင်းတဲ့ ပြိုင်ပွဲလေး ဖြစ်သွားပါတယ်။ သီရိတို့လို အိမ်နဲ့ ခွဲနေရ တဲ့သူတွေ အတွက်တော့ သူငယ်ချင်းတွေက မိသားစုပါပဲ ။ Poly ကျောင်းသား ကျောင်းသူများ ကိုလည်း NAPFA TEST သွား ဖြေကြဖို့ တိုက်တွန်းလိုပါတယ်။ Experience ကောင်း တစ်ခုပါပဲ။


NAPFA TEST အမှတ်တရ

Tuesday, June 17, 2008

လာပြန်ပြီပေါ့ MST

MST ဆိုသော ကျွန်မတို့ရဲ့ Mid-Semester Test ကြီးကတော့ ရောက်လာပါတော့မယ်။ ကျောင်း သုံးပတ် ပိတ်ထားတာကို ရှေ့နှစ်ပတ်မှာ စာလုံးဝ မလုပ်ပဲ ရုပ်ရှင်ပဲ ထိုင်ကြည့်ဖြစ်တာမို့ ကိုယ့်ကိုကိုယ် တော်တော်လေး ဒေါသထွက်မိ ပါတယ်။ အခုတော့မှ စာတွေကို အကုန်စုလုပ်နေပြီး ခေါင်းထဲ မဝင်တော့ လုပ်ချင်စိတ်ကကုန် ၊ ဒါနဲ့ blog ရေးချင်စိတ်ပေါက်လာတာ ပါပဲ။ နောက်ဆုံးနှစ်မှာမှ ကျက်စာတွေကလည်းများ ၊ တစ်ချို့ဘာသာတွေကနားမလည် ၊ နားလည်တဲ့ဟာကျတော့လည်း စိတ်မဝင်စား ဆိုတော့ ဘာလုပ်လို့ ဘာကိုင်ရမှန်းကို မသိတော့ပါဘူး။ ကဲ.. လုပ်ချင်ချင် မလုပ်ချင်ချင် စာပြန်လုပ်ရပါဦးမည်။ တော်သေးပြီ။
Extended text comes here.

Wednesday, May 28, 2008

မေမေ့အတွက် မွေးနေ့ လက်ဆောင်

သမီးမရှိတဲ့ မေမေ့မွေးနေ့က ပြည့်စုံမှာမဟုတ်ဘူးဆိုတာ သိပေမယ့် ပျော်ရွှင်သော မွေးနေ့လေး တစ်ခု ဖြစ်ပါစေလို့ ဆုတောင်း ပါတယ်။ မေမေက သမီး တို့ကို “ဘာဖြစ်ရမယ်” ဆိုတဲ့ ဩဇာဆန်တဲ့ စကားမျိုး တစ်ခွန်းမှ မပြောခဲ့ဖူးပါဘူး။ ဒါပေမယ့် သမီး ကတိပေးပါတယ် ... မေမေ့ကို စိတ်ဆင်းရဲစေမယ့် ၊ မျက်နှာငယ်စေမယ့် အလုပ်မျိုး ဘယ်တော့မှ မလုပ်ပါဘူးလို့။

ဒီကတိကိုတော့ မေမေ့ရဲ့ ၅၄နှစ်ပြည့် မွေးနေ့အတွက် သမီးရဲ့ မွေးနေ့လက်ဆောင် အဖြစ် သမီး ကန်တော့လိုက်ပါတယ်။
Extended text comes here.

Sunday, May 25, 2008

တတိယအကြိမ် အိမ်ပြောင်းခြင်း

မကြာခင်မှာပဲ တတိယအကြိမ် အိမ်ပြောင်းရတော့မှာ ဖြစ်ပါတယ်။ ဒီအိမ်မှာတော့ ဘာပြဿနာမှမရှိနိုင် လောက်တော့ဘူးလို့ ထင်မိပါတယ်။ အိမ်ရှင်ကလည်း တရုတ်ဆိုတော့ ပိုပြီး အဆင်ပြေပါတယ်။ သီရိတို့ သူငယ်ချင်း ၄ယောက်ထဲမှာ သီရိ ကလွဲပြီး အားလုံးက တရုတ်စကား ပြောတယ် ဆိုတော့ အဆင်ပြေပါတယ် ။ အိမ်ရှင်က တရုတ်ပြည်ကပါ.. အင်္ဂလိပ်စကား သိပ်မတတ်ပါဘူး။ အိမ်ကလည်း အခုနေနေတဲ့ အိမ်နဲ့ နီးနီးလေးပဲ ဆိုတော့ ပတ်ဝန်းကျင်ကလည်း အသစ် မဖြစ်တော့ပါဘူး။ Bus stop နဲ့လည်း ပိုနီးသွားပါတယ်။ အရင်အိမ်ငှားတွေ ဆင်းမပေးတဲ့ ပြဿနာလည်း မရှိပါဘူး... ဘာဖြစ်လို့လဲဆိုတော့ သီရိတို့ရှေ့မှာ ငှားထားတဲ့လူ မရှိလို့ပါ။ ဒီအိမ်က ၃ခန်းတွဲကို ၁ခန်းပိတ်ပြီး ၂ခန်းငှားတာဆိုတော့ တော်တော်လည်း ကျယ်ပါတယ်။ နောက်ထပ်လည်း လူရှာစရာ မလိုတော့ဘူးပေါ့။ ကိုယ့်သူငယ်ချင်း ၄ယောက်ပဲ ကြိုက်သလို နေပေတော့။ ကဲ.. တကယ် ပြောင်းတဲ့နေ့မှာ.. အဆင်ပြေပါစေ လို့ ဆုတောင်းရင်း...
Extended text comes here.

Tuesday, April 29, 2008

ကျွန်မတို့ မြန်မာနိုင်ငံ

မြန်မာနိုင်ငံ ပြန်ရောက်တုန်း တစ်ညနေမှာ သီရိတို့ ညီမတစ်တွေ လျှောက်သွားရင်းနဲ့ blazon ကို ရောက်သွားပါတယ်။ အဲ့ဒီမှာ လိုချင်တာတွေ ဝယ်ပြီးတော့ ပြန်ထွက်လာတော့ ကားရပ်တဲ့နားလေးမှာ လိုက်တောင်းနေတဲ့ ကလေးမလေးတွေကို တွေ့ပါတယ်။ သူ့အမေလည်း ပါပါတယ် … သူ့အမေကလည်း ကလေးငယ်လေး တစ်ယောက်ကို ချီထားပါတယ်။ သူက သီရိတို့ ကားထဲဝင်တဲ့အထိ ဇွတ်တင်းလိုက် တောင်းနေပါတယ်။ ဒါနဲ့ အမဝမ်းကွဲက ကားထွက်ခါနီးမှာ ၅၀တန် ရှိတယ်တဲ့ ပေးလိုက်မယ်ဆိုပြီး ကားကို ခဏရပ်ခိုင်းပါတယ်။ သီရိ တားလိုက်မိပါတယ် မရပ်နဲ့လို့ အဲ့ဒီ ကလေးမလေး ကိုလည်း မပေးနဲ့လို့။ ကလေးက တောင်းလို့ ရမှန်းသိရင် တစ်သက်လုံး တောင်းပဲ တောင်းစား တော့မှာပေါ့ … တခြား အလုပ်လုပ်ဖို့ စဉ်းစား တော့မှာ မဟုတ်ဘူးလို့။ အဲ့လိုဆို သူ့ကို သနားရာ မရောက်ပဲ တောင်းတဲ့ဘဝက မလွတ်အောင် လုပ်သလို ဖြစ်နေမှာလို့ ပြောလိုက်မိပါတယ်။ ကားထွက်တော့ ရင်ထဲမှာ မကောင်းလိုက်တာ… မြန်မာနိုင်ငံမှာ အဲ့ဒီလို တောင်းစားနေရတဲ့ ကလေးတွေ ဘယ်လောက်တောင် များနေပြီလဲ … သူတို့ဘဝတွေက ဒီလိုပဲ အဆုံးသတ် သွားမှာလား ဆိုတဲ့ အတွေးကြီးက ခေါင်းထဲ ရောက်လာပါတယ်။

နောက်ပြီး မြန်မာနိုင်ငံရဲ့ ငွေ တန်ဖိုးမရှိတော့ တာကိုလည်း သတိထား မိလာပါတယ်။ ၅၀ တန်က တောင်းတဲ့ သူတွေကိုပေးတဲ့ အဆင့်ကို ရောက်နေပါပြီ။ အရင်က ၅ ကျပ် ၁၀ လောက်ပဲ ပေးကြတာပါ။ အမှန်ကို ပြောရရင်တော့ ၅ ကျပ်တန် ၁၀ တန်တွေတောင် မမြင်မိတော့ သလိုပါပဲ … ၂၀ တန်ရောပါ ။ တော်တော်ကို ရှားနေပါပြီ။ ဘာကြောင့် ဒီလိုဖြစ်သွားတာလဲ ဆိုတာတော့ မတွေးတတ်တော့ပါဘူး (မတွေးချင်တော့တာ ဆိုရင် ပိုမှန်နိုင်ပါတယ်)။

Extended text comes here.

၂၀ တန်လား ၁၀၀၀ တန်လား?

တစ်မနက်ခင်းမှာ မေမေက မုန့်ဝယ်ခိုင်းဖို့အတွက် သီရိကို ပိုက်ဆံသွား ယူခိုင်းပါတယ်။ ပိုက်ဆံအိတ်ထဲကနေ ၁ထောင်တန် တစ်ရွက်ပေးလိုက်တဲ့။ သီရိ တော်တော်ကြာကြာ ရှာလိုက်ရပါတယ်။ ရှာရင်းရှာရင်း မေမေက မရှိလဲ မရှိပဲနဲ့ ယူခိုင်းတယ်ပေါ့ … မတွေ့တာနဲ့ အော်တော့တာပါပဲ… မေမေ မရှိဘူးပေါ့။ အဲ့ဒီမှာ မေမေရောက်လာပါတယ်… ဒီမှာလေ မတွေ့ဘူးလားဆိုတော့ အင်း အဲ့ဒါတွေတော့ တွေ့တယ်လို့ ဒါပေမယ့် ၂၀ တန်ထင်လို့ လို့ ပြောလိုက်တော့ မေမေရော တခြားသူတွေပါ ရီပါလေရော။ ၂၀တန်ဆိုရင် ဒီလောက် မပေါဘူးတဲ့… အင်း ကောင်းကြပါလေရော။

Friday, February 22, 2008

အမှတ်တရ မြန်မာစာ


က ခ ဂ ဃ င
စ ဆ ဇ စ် ည
ဋ ဌ ၮ ဎ ဏ
တ ထ ဒ ဓ န
ပ ဖ ဗ ဘ မ
ရ ယ လ ဝ သ
ဟ ဠ အ။

မြန်မာစာရဲ့ အခြေခံ ဗျည်း ၃၃ လုံးပါ။ ဒီနေ့ ကျောင်းမှာ သီရိတို့ရဲ့ FYP (Final Year Project) supervisor က မြန်မာနိုင်ငံ အကြောင်း မေးရင်းနဲ့ ပြောဖြစ်သွားရင်းက အဖွဲ့ထဲက သူငယ်ချင်း တစ်ယောက်ကို ဝိုင်းစကြပါတယ်။ အဲ့ဒီသူငယ်ချင်းက စကားပြောရင် မှားမှား ပြောတတ် လို့ပါ။ ဒါနဲ့ သူ့ကို ပညာစမ်းကြတာပေါ့ … ဗျည်း ၃၃ လုံးကို ရေးဆိုပြီး ရေးခိုင်းတော့ ထင်တဲ့အတိုင်းပဲ အကုန် မရေးနိုင်ပါဘူး။

တော်တော် များများ မရေးနိုင် ကြတော့ပါဘူး … သီရိလည်း တချို့ ဟာတွေကို တော်တော် စဉ်းစား လိုက်ရပါတယ်။ “ဠ” ကို ရေးနည်း နည်းနည်း မေ့နေပါတယ် … ဟီးဟီး။ ဆရာကတော့ သီရိတို့ ဘာသာက အနုပညာ ဆန်တယ်လို့ ပြောပါတယ်။ သီရိတို့ မြန်မာစာက တခြား လူမျိုးတွေ အတွက် သင်ယူဖို့ တော်တော် ခက်ခဲပါ လိမ့်မယ်။ ရေးနည်းရော … အသံထွက်ရောပါ … တော်တော်နဲ့ ဒီကလူတွေ အသံထွက် မှန်အောင် မပြောနိုင်ပါဘူး။

နောက်ပြီး သီရိတို့ ငယ်ငယ်ကတည်းက အမှန်လို့ ထင်လာတဲ့ တချို့ စာလုံးပေါင်း တွေက မှားနေတတ် ပါတယ်။ ပြင်ပေးမယ့် သူလည်း မရှိ ၊ အားလုံး ကလည်း အမှား အတိုင်းပဲ ပေါင်းနေကြတော့ အမှားကြီးကိုပဲ အမှန်ထင်နေကြတာပါ။ သီရိ ၉တန်းရောက်တော့ မြန်မာစာ ကျူရှင် သွားတက်ပါတယ် ၊ ကျူရှင် ပထမဆုံးနေ့မှာ ဆရာက သီရိတို့ကို “က ခ” ရေးခိုင်း ပါတယ်။ တချို့ ကျောင်းသား တွေက ဆရာ့ကို ကြောင်လိုက်တာ ဆိုတဲ့ ပုံစံနဲ့ လှောင်ရီရီ ကြပါတယ်။

နောက် ရေးကြတော့ အကုန် မှန်အောင် ရေးနိုင်တဲ့သူ နည်းနည်း လေးပဲ ရှိပါတယ် ။ ဆရာ ကတော့ “ ငါထင်တဲ့ အတိုင်းပဲ ” ဆိုတဲ့ ပုံစံနဲ့ ပြုံးနေ ပါတယ် ။ နောက်တော့ ဆရာက သူပြောတဲ့ စကားလုံး တွေကို စာလုံး ပေါင်းခိုင်း ပါတယ် ။ “နေ့လည်စာ” ကို ပေါင်းခိုင်းတော့ အားလုံးက ဒီအတိုင်း ပေါင်းကြပါတယ်။ အဲ့ဒီတော့ ဆရာက ပြောပါတယ် … နေ့တစ်နေ့ရဲ့ အလယ်မှာ စားတဲ့ အစာမို့လို့ “နေ့လည်စာ” လို့ မပေါင်းရဘူး “နေ့လယ်စာ” လို့ ပေါင်းရတယ်တဲ့။ ဟိုက်…ဒီတော့မှ ကိုယ် တစ်သက်လုံး မှားလာတဲ့ အမှားကြီးကို သိလိုက်ရပါတယ်။

နောက်တစ်ခုက စာရေးတဲ့ ပုံစံ မှားနေတာပါ … သီရိတို့ တွေက ငယ်ငယ် ကတည်းက “ သချာင်္ ” ကို ဒီအတိုင်းပဲ ပေါင်းလာကြတာပါ။ ဆရာက “ သင်္ချာ ” မှာ ငသတ်ကို ခ ပေါ်တင်ရမယ်လို့ သင်တော့မှ ရေးနည်းကို တော်တော်ကို ပြင်ယူလိုက်ရပါတယ်။ သင်္ဘောတို့ ယောက်ျားတို့ ပေါင်းတာမှာလည်း တူတူပါပဲ … ငသတ်ကို ဗျည်းပေါ်မှာ တင်ရပါတယ်။ ဒါကတော့ မြန်မာစာနဲ့ ပတ်သက်တဲ့ အမှတ်တရ သင်ယူဖူးခဲ့ တာလေးတွေပါ။

Sunday, February 10, 2008

အိမ်ပြောင်းရတဲ့ ဒုက္ခ ( ၂ )

ပထမ တစ်ခေါက် အိမ်ပြောင်း တုန်းက အဆင်မပြေလို့ ဒုတိယ တစ်ခေါက် ကိုတော့ အဆင်ပြေအောင် ဆိုပြီး စာမေးပွဲဖြေနေတဲ့ ကြားကကို အိမ်သွားကြည့်ပြီး ငှားခဲ့တာပါ။ စာချုပ်တွေ ဘာတွေ သေချာချုပ် ၊ ပြောင်းမယ့်နေ့ကိုလည်း အတိအကျပြောပြီး မပြောင်းလာခင် တစ်အိမ်လုံးကိုလည်း လုံးဝ သန့်ရှင်းပေးထားဖို့ ပြောပြီးသားပါ။ စာချုပ်ချုပ်တဲ့နေ့ကတော့ အိမ်ရှင်ရော ပွဲစားတွေရော အားလုံးက ကတိတွေ ပေးပြီး လုံးဝ အဆင်ပြေစေရမယ်.. ဘာညာပေါ့။

ဒီဇင်ဘာ ၁ရက်နေ့ ရောက်တော့ မနက်စောစောထ ၊ နောက်ဆုံး သိမ်းစရာရှိတာတွေ သိမ်းပြီး နေ့လယ်စာ သွားစားပါတယ်။ အဲဒီအချိန်မှာ တူတူနေမယ့် သူငယ်ချင်းက ဖုန်းဆက်လာတယ် … ပြောင်းမယ့်အိမ်က လူတွေက မဖယ်ပေးသေးဘူးတဲ့ ၊ ဒီနေ့လည်း ဖယ်ပေးမှာ မဟုတ်ဘူးတဲ့လေ။ အဲဒီသူငယ်ချင်း နှစ်ယောက်က November ၃၀ ညကတည်းက အိမ်အဟောင်းကနေ နှင်ချခံထားရတာပါ။ သူတို့က သူတို့ ပစ္စည်းတွေကို အိမ်အသစ်ကို ရွှေ့ပြီးပါပြီ။ ဒါပေမယ့် ဟိုလူတွေက ၁ ရက်နေ့မှာ မပြောင်းနိုင်ဘူးတဲ့… အိမ်ရှင်က စကားမှားပြောထားလို့ပါ။

သီရိ သူငယ်ချင်း နှစ်ယောက်ကို master bedroom တော့ ပေးထားတယ်။ ပေးတယ်ဆိုတာကလည်း သူတို့ ပစ္စည်းတွေကို အပြောင်ရှင်းပေးထားရုံပါ။ သူငယ်ချင်းက အရမ်းစိတ်ညစ်နေတဲ့ အသံပေါ်နေပါပြီ… ဖုန်းဆက်ပြီး သီရိတို့ ၂ ယောက်ကို အမြန်လာခဲ့ပါ ဆိုပြီး ခေါ်နေတာ။ အဲ့ဒါနဲ့ သီရိနဲ့ အတူတူနေတဲ့ သူငယ်ချင်းနဲ့ အိမ် အသစ်ကို လိုက်သွားပါတယ်။ အိမ်အသစ်ကို ရောက်တော့ အိမ်ရှေ့ပေါက်ဝမှာ ပေါင်မုန့် ထိုင်စားနေတဲ့ သူငယ်ချင်း ၂ယောက်ကို တွေ့ပါလေရော။

သူတို့ ပုံစံ ကြည့်ရတာ ညကလည်း အိပ်ရေးမဝတော့ တော်တော်ကို ပင်ပန်းတဲ့ပုံ ပေါက်နေပါတယ်။ အိမ်ထဲလည်း ဝင်မထိုင်ချင်လို့တဲ့ အပြင်မှာ ထိုင်နေတာ … ဟုတ်တော့လည်း ဟုတ်ပါတယ် အိမ်ထဲမှာက ပွစိတက်နေတာပဲ။ တော်တော်လည်း ညစ်ပတ်နေပါတယ် … သူတို့ ပစ္စည်းတွေကလည်း ရှုပ်ပွနေတာပါပဲ။ အိမ်ရှင်က မနက်ကတော့ လာပြီးသွားပြီတဲ့ ၊ ဒါပေမယ့် အလုပ်သွားပြီး ညနေ ၃နာရီမှ ပြန်လာမယ် ဆိုပဲ။ အရင်အိမ်ငှားတွေက ၂ရက်နေ့မှ ထွက်ပေးမယ်လို့ ပြောနေတယ်တဲ့လေ … သူတို့နှစ်ယောက်ကိုတော့ ဒီနေ့ည master bedroom ထဲမှာအိပ်လို့ ပြောတယ်တဲ့။ အင်း … ဘယ်လိုလုပ် အိပ်မလဲ … အဲဒီအိမ်မှာကဖြင့် ယောက်ျားလေးတွေက အများကြီး ၊ ဘယ်လိုလူစားမျိုးတွေ မှန်းလည်း မသိပဲ ဘယ်လိုလုပ် အိပ်ရဲပါ့မလဲ။

ကဲ…ရောက်မှတော့ မထူးဘူး … အပြင်မှာနေပြီးတော့ အရှုံးမခံနိုင်ဘူး ၊ အိမ်ထဲဝင်နေမယ် ဆိုပြီး သီရိနဲ့ သူငယ်ချင်းနဲ့ ခပ်တည်တည်ပဲ ဝင်သွားပါတယ် (အင်းလေ..ကိုယ်က ဒီအိမ်ကို ငှားထားတာပဲ ၊ အခုကိုယ်ပိုင်တယ် ၊ ဘယ်သူ့ကို ကြောက်ရမှာလဲ ဟုတ်ဘူးလား)။ အိမ်ထဲရောက်တော့ ဘယ်သူ့ကိုမှ မတွေ့ပါဘူး … master bedroom ကိုပဲ တန်းသွားလိုက်တယ် ၊ ကိုယ်နေမယ့် အခန်းဆိုတော့ လေ့လာကြည့်ရတာပေါ့။ အမလေး … ဝင် ဝင်သွားချင်း နေချင်စိတ်ကို ပျောက်သွားပါတယ် … ဟာ .. အခန်းထဲမှာ ညစ်ပတ်လိုက်တာ … လူမနေတာ တော်တော်ကြာနေတဲ့ပုံတောင် ပေါက်နေပါတယ်။ ကြမ်းပြင်မှာလည်း သဲ တရှပ်ရှပ်နဲ့ … အိပ်ရာတွေကလည်း ညစ်ပတ်လိုက်တာမှ အနံ့တွေတောင် ထွက်နေပါတယ်။ တက်တောင် ထိုင်ချင်စရာ မကောင်းပါဘူး … ဒါပေမယ့်လည်း အောင့်အီးသည်းခံပြီး ထိုင်လိုက်ပါတယ် ( မဟုတ်ရင်လည်း နေစရာက မရှိဘူးလေ ) ။

နောက်တော့ အဲ့ဒီအခန်းထဲမှာပဲ စောင့်ကြတယ် … စောင့်ကြတယ်။ အိမ်ရှင်ဆီ ဖုန်းဆက်လိုက် ၊ ပွဲစားဆီ ဖုန်းဆက်လိုက်နဲ့ တစ်ယောက်မှလည်း ရောက်မလာပါဘူး။ ပွဲစားတွေကလည်း တော်တော် အမြင်ကတ်ဖို့ ကောင်းပါတယ် ၊ သူတို့ကိစ္စပြီးတာနဲ့ ( ပွဲခရပြီးတာနဲ့ ) လုံးဝ လှည့်မကြည့်တော့ပါဘူး။ သီရိတို့ ဖုန်းဆက်တော့လည်း ဟိုလူလာမလိုလို ဒီလူလာမလိုလိုနဲ့ နောက်ဆုံးတော့လည်း ဘယ်သူမှ ရောက်မလာပါဘူး။ ညနေ ၃ နာရီခွဲလောက်မှ အိမ်ရှင် ပြန်ရောက်လာပါတယ်။ အိမ်ရှင်ရောက်လာတော့ သီရိနဲ့ သူငယ်ချင်းတွေနဲ့ ဝိုင်းပြောကြတာပေါ့ … အိမ်ရှင့် ကြည့်ရတာလည်း တော်တော်တာ့ သနားဖို့ ကောင်းပါတယ်။ ဒါပေမယ့်လည်း ကိုယ့်ကိုကိုယ် အရင် သနားရမယ်လေ … မဟုတ်ဘူးလား။

ဒါနဲ့ အစက လူဟောင်းတွေကို ၁ ရက်နေ့ည အပြီးပြောင်းခိုင်းမလို့ပါ ၊ အိမ်ရှင်က တော်တော် တောင်းပန်နေတာနဲ့ နောက်နေ့ မနက်ထိရွှေ့ပေးလိုက်ပါတယ် ၊ ၂ရက်နေ့ မနက် ၁၀ နာရီမှာ အိမ်ကနေ လုံးဝ ပြောင်းအပြီး ဖြစ်ရမယ်လို့ အိမ်ရှင်ကို ပြောခဲ့တာပါ။ ဒါနဲ့ အိမ်ရှင်နဲ့ ပြောပြီးသွားတော့ သီရိတို့ ပစ္စည်းတွေကို အဲဒီအိမ်ကို ရွှေ့ထားလိုက်ပါတယ်။ သီရိတို့ ပစ္စည်းတွေ အားလုံးကို master bedroom ထဲထည့်ပြီး သော့ခတ်ခဲ့မယ်ပေါ့လေ။ ဒါပေမယ့် ပစ္စည်းတွေ အားလုံးပြောင်းပြီး သော့ခတ်တော့မယ်ဆိုတော့မှ master bedroom သော့က ရှာလို့ မတွေ့ဘူး ဖြစ်နေရော။ နောက်ဆုံး ရှာမတွေ့တော့ သော့က ပျက်နေတယ်ဆိုပြီး ပြောပါလေရော (အရင် အိမ်ငှားအဟောင်းတွေကပါ ) ။ အင်း ပြဿနာပဲ … သော့ကလည်း ခတ်လို့မရ ၊ ပစ္စည်းတွေကလည်း အားလုံးထည့်ပြီးနေပြီ။ အဲဒီတော့လည်း မတတ်နိုင်ဘူး ၊ စိတ်ချချ မချချ ထားခဲ့ရတော့မှာပဲလေ။

အဲ့ဒီညကတော့ သီရိတို့ရဲ့ အိမ်အဟောင်းမှာပဲ သူငယ်ချင်း ၄ ယောက်လုံး အိပ်လိုက်ကြတယ်။ အဲ့ဒီအိမ်က အမကလည်း သဘောကောင်းတော့ ပြဿနာမရှိဘူးပေါ့ … ရှိတဲ့ ပြဿနာကတော့ အိပ်စရာ နေရာပါပဲ။ သီရိတို့ အခန်းထဲမှာက ကုတင်တစ်ခုပဲ ရှိတာလေ … အလျားလိုက်အိပ်ရင်တောင် သုံးယောက်ပဲ ဆန့်မှာ။ ဒါနဲ့ သူငယ်ချင်းတစ်ယောက်က ဆိုဖာပေါ်မှာပဲ တစ်ညလုံး အိပ်သွားတာ… စိတ်မကောင်းလိုက်တာ… ကိုယ့်သူငယ်ချင်းအတွက် စိတ်မကောင်းလေ ဟိုလူတွေကို စိတ်တိုလေပါပဲ။

နောက်နေ့မနက်ကျတော့ စောစောထပြီး အဲ့ဒီအိမ်ကို သွားလိုက်ပါတယ် … တော်သေးတာပေါ့ စောစောသွားလိုက်လို့။ သီရိတို့ ရောက်သွားတော့မှ အဲ့ဒီလူတွေက စပြောင်းကြတာပါ … ဟား … အမြင်ကတ်ဖို့ ကောင်းလိုက်တာ … ဘယ်လိုလူတွေမှန်းကို မသိဘူး။ သီရိ သူငယ်ချင်းက တော်တော်ကို ဒေါသထွက်နေပါပြီ … သူနဲ့ ဟိုလူတွေထဲက မိန်းကလေးတစ်ယောက်နဲ့ တရုတ်လိုတွေ ပြောပြီး ရန်ဖြစ်ကြပါလေရော။ သူတို့လည်း စပြောင်းနေပြီဆိုတော့ သီရိတို့လည်း မနက်စာ သွားစားနေလိုက်ပါတယ်။ စပြီးပြန်လာတော့ သူတို့လည်း ပြောင်းလို့ ပြီးနေပြီ။ ခဏနေတော့မှ အိမ်ရှင်ရောက်လာပါတယ် … အိမ်ကို သန့်ရှင်းရေး လုပ်ဖို့တဲ့ လူတစ်ယောက်ပဲ ခေါ်လာတယ်။ ဒီအိမ်ကြီးတစ်ခုလုံးကို ဘယ်လိုလုပ် ဒီတစ်ယောက်ထဲနဲ့ သန့်ရှင်းရေးလုပ်လို့ ပြီးမှာလဲ။

ကဲ … ထားပါတော့ ဟောဒီက ကျွန်မတို့လေးယောက်လည်း သန့်ရှင်းရေး ဝိုင်းလုပ်တာပေါ့။ စင်္ကာပူရဲ့ ထုံးစံအရဆိုရင် အိမ်က သီရိတို့ တက်နေတာနဲ့ လုံးဝ အသစ်လို သန့်ရှင်းပြီးသား ဖြစ်ရမှာပါ။ သန့်ရှင်းရေးလည်း စလုပ်ရော … သန့်ရှင်းရေးလုပ်ဖို့ ခေါ်လာတဲ့လူက English လိုနားမလည်တာနဲ့ သီရိတို့လည်း အအ စကားပြောနည်းနဲ့ပဲ communicate လုပ်လိုက်ရတယ်။ အရင်နေခဲ့တဲ့လူတွေ ဘယ်လောက် ညစ်ပတ်လည်းဆိုရင် သီရိတို့ ရေခဲသေတ္တာကို ၃နာရီလောက် ဆေးလိုက်ရပါတယ်။

တစ်အိမ်လုံးကိုလည်း ရေနဲ့တိုက် ၊ ဆိုဖာတွေလည်း ကိုယ့်ဟာကိုယ်ရွှေ့ ၊ ၃ ယောက်လုံး (တစ်ယောက်က နောက်နေ့ တင်ရမယ့် project အတွက် city hall သွားပြီး print ထုတ်နေတာပါ) လုံးဝ မနားရပါဘူး။ ဒါတောင် လာကူညီတဲ့ သူငယ်ချင်းတွေရှိလို့ တော်သေး။ တကယ်ကို အိပ်မက်ဆိုးပါပဲ … ဘယ်တုန်းကမှ ဒီလောက်ထိ မပင်ပန်းခဲ့ဖူးပါဘူး။ ပထမတစ်ခါအိမ်ပြောင်းတုန်းက အဆင်မပြေလို့ ဒုတိယတစ်ခါကို အဆင်ပြေအောင် အစစအရာရာ စီစဉ်ထားပါတယ်ဆိုမှပဲ ဒီတစ်အိမ်က ပိုဆိုးလို့နေပါတယ်။ ဒါကတော့ သီရိရဲ့ အိမ်ပြောင်းတဲ့ အတွေ့အကြုံပါပဲ။