Monday, May 18, 2009

Graduation

ကဲ.. သီရိတို့ poly မှာ သုံးနှစ်လည်း ပြီးပြီမို့ graduation ကို ရောက်လို့ လာပါပြီ။ သီရိတို့ သူငယ်ချင်းတွေလည်း graduation အတွက် စပြီး ပြင်ဆင်ကြပါပြီ။ အဓိကကတော့ အဲ့ဒီ့နေ့မှာ ဘယ်လို မိတ်ကပ်ပြင်ကြမလဲ ဆိုတာပါပဲ။ ဆိုင်သွားပြင်ရမှာကလည်း ပိုက်ဆံ တော်တော် ကုန်မည့် အဖြစ် (၂ခါတောင် ဆိုတော့.. ပထမက အစမ်း ၊ ဒုတိယက အစစ်)။ သီရိတို့ သူငယ်ချင်းတွေက အရင်စမ်းမကြည့်ပဲလည်း မလိမ်းရဲကြဘူးလေ။ ဒါနဲ့ ကိုယ့်ဟာကို ပြင်ဖို့ပဲ စဉ်းစားပြီး စမ်းလိမ်း ကြည့်ကြတာပေါ့။ အရင် မွန်သီစမ်းပါတယ်.. မလိမ်းတာကမှ လှသေးတယ်လို့ ပြောခံရတဲ့ အဖြစ်ပါ။ ဒုတိယကတော့ အိဖြူပေါ့.. ဟဲဟဲ.. သူက ပိုဆိုးတယ်.. တရုတ်တစ္ဆေနဲ့ တူတယ်ဆိုပဲ။ တတိယကတော့ ကျွန်မပါပဲ.. မွန်သီက အားပေးရှာပါတယ်.. သီရိကို ဘွဲ့လက်မှတ်ပေးမယ့် professor ထွက်ပြေးသွားနိုင်တယ်တဲ့။ ဒီလိုဆိုတော့ ဆိုင်ပဲ ပြေးရမယ့်ပုံ ပေါက်နေပါတယ်။ တစ်ခုတော့ ရှိတယ်.. ကျဲကျဲလာမှာဆိုတော့ သူ့ပဲ အားကိုးပြီး လိမ်းခိုင်းရမလားပဲ။

နောက်တစ်ခုကတော့ သူငယ်ချင်းတွေရဲ့ အိမ်က အဖေ အမေ အစ်ကို အစ်မ မောင်လေး ညီမလေးတွေ အကုန်လာကြမှာ ဆိုတော့ကာ လျှောက်လည်ရမယ့် ကိစ္စပါပဲ။ စင်္ကာပူ ကလည်း သေးလိုက်တာ ပြောမနေပါနဲ့တော့.. ဘာမှကို လည်စရာမရှိဘူး။ အဲ့ဒါကြောင့်မို့ သူငယ်ချင်းများကို အကြံညဏ်ပေးဖို့ အကူအညီ တောင်းချင်ပါတယ်။ အခုအောက်က list ကတော့ သီရိတို့ တစ်တွေ စဉ်းစားရသလောက်ပါ။

1. Duck Tour or other tours [SG's flyer + River Bank + tour]
2. Zoo Tour
3. Orchid Garden
4. Sentosa
5. East Coast
6. China Town
7. Little India

ဒါပါပဲ။ အခြားနေရာတွေ ကျတော့လည်း လူကြီးတွေနဲ့က မကိုက်ပြန်ပါဘူး။ Shopping တို့ ဘာတို့လည်း သူတို့က သွားချင်ပုံ မပေါ်ဘူး။ အဲ့တော့ ခေါင်းကိုက်နေပါ၏။ ဝိုင်းပြီး စဉ်းစားပေးကြပါလို့။

Please don't hesitate to leave comment. You can also shout at cbox. =)

Read More...

Tuesday, May 12, 2009

သူငယ်ချင်း

ဒီနေ့တော့ “သူငယ်ချင်း” ဆိုတဲ့ ဘဝအတွက် အရမ်းအရေးကြီးတဲ့ စကားလုံးလေး အကြောင်း ဆွေးနွေးချင်ပါတယ်။ လူတွေမှာ ကိုယ့်မိသားစုပြီးရင် အရေးအကြီးဆုံးကတော့ သူငယ်ချင်းပါပဲ (at least for me) ။ လောကကြီးမှာ သူငယ်ချင်းမရှိပဲ နေလို့ မရပါဘူး။ တချို့ငြင်းချင်တဲ့ သူများကတော့ နေလို့ရတယ်လို့ ပြောချင်ပြောကြပါလိမ့်မယ်။ အဲ့လို နေတဲ့သူဆိုရင်တော့ ဝေးဝေးရှောင်ပါတော့ psycho ဖြစ်ဖို့ များပါတယ်။ ကဲ... လမ်းနည်းနည်း ချော်ချင်နေပြီ။ သူငယ်ချင်းကို ပြန်သွားကြစို့။

သူငယ်ချင်းဆိုကတည်းက အဆိုးအကောင်း အကျိုးအကြောင်းတွေကို မျှဝေခံစားပေးတဲ့ သူတွေပေါ့။ တစ်ခါတစ်လေမှာ ရန်ဖြစ်ကြမယ် ပြီးတော့ ပြန်ချစ်ကြမယ်ပေါ့။ ဒါပေမယ့် တစ်ခါတစ်လေမှာ ရန်ဖြစ်ပြီး ပြန်မချစ်ကြတာလည်း ရှိပါတယ်။ အဲ့လိုဆိုရင်တော့ အဲ့ဒီ ခင်မင်မှုမှာ တစ်ခုခု ချို့ယွင်းနေပါပြီဲ။ ဘယ်လို relationship မျိုးမှာ မဆို နားလည်မှု နဲ့ ပွင့်လင်းမှု က အရေးအကြီးဆုံးပါပဲ။ တစ်ယောက်ကို တစ်ယောက် နားလည် မပေးနိုင်ဘူးဆိုရင် ဘယ်လိုမှ ဒီလူနဲ့ ဆက်ဆံလို့ မဖြစ်တော့ပါဘူး။

နောက်ပြီး သူငယ်ချင်းတွေ အရမ်းခင်ကြတယ်… အရမ်းချစ်ကြတယ်… ဒါပေမယ့် တစ်ယောက်နဲ့ တစ်ယောက် မကျေနပ်တာတွေ၊ မကြိုက်တာတွေကို ပွင့်ပွင့်လင်းလင်း မပြောကြဘူးဆိုရင် “အမှိုက်ကစ ပြသာဒ် မီးလောင်” ဆိုသလို ဖြစ်နိုင်ပါတယ်။ အဲ့ဒါကြောင့်မို့ အမှိုက်မပစ်ချင် မပစ်နဲ့၊ ပစ်ပြီးရင်တော့ ပြန်ရှင်းသင့်ပါတယ်။ လောင်သွားပြီးလို့ ပြာဖြစ်သွားတော့မှ ပြန်ဆောက်ဖို့ မလွယ်တော့ပါဘူး ၊ ပြန်ဆောက်ဖြစ်ရင်တောင် နဂိုပြသာဒ်ကို ပြန်ရမှာ မဟုတ်ပါဘူး။ နဂိုပြသာဒ် ယောင်ဆောင်ထားတဲ့ အတုတစ်ခုကိုပဲ ရမှာပါ။

နောက်ပြီး Relationship တစ်ခုမှာ မျှတမှု ရှိသင့်ပါတယ်။ တစ်ကိုယ်ကောင်းဆန်လို့ မရပါဘူး။ ဥပမာ- ကိုယ်က သူတစ်နေရာရာ သွားရင် မလိုက်ပေးချင်ဘူး ၊ ok ရတယ်… ဒါဆို ကိုယ်သွားချင်ရင်လည်း သူလိုက်မပေးရင် စိတ်မဆိုးရဘူး။ အဲ့လိုမှမဟုတ်ပဲ ကိုယ်ကကျ လိုက်မပေးဘူး… သူ့ကိုကျ ကိုယ်သွားရင် လိုက်ပေးရမယ် ဆိုရင်တော့ ဒီ relationship က မကြာခင်မှာ ပြဿနာတက်တော့မှာပါ။ နောက်ပြီး လူဆိုကတည်းက အားလုံး ပြီးပြည့်စုံနေမှာ မဟုတ်ပါဘူး။ ကိုယ့်မှာလည်း အားနည်းချက်တွေ ရှိသလို သူ့မှာလည်း ရှိမှာပါပဲ။ အဲ့ဒီ အားနည်းချက်တွေကို အပြန်အလှန် နားလည်ပေးနိုင်မှ ဒီလူနှစ်ယောက်ရဲ့ ဆက်ဆံရေးက အဆင်ပြေနိုင်မှာပါ။ တကယ်လို့ သူ့မှာ ကိုယ် လက်မခံ နိုင်လောက်တဲ့ အချက်ရှိနေရင်တော့ အစကတည်းက မပေါင်းဖို့ အကြံပေးချင်ပါတယ်။

သီရိတို့လို သူများနိုင်ငံမှာ ကျောင်းတက်နေတဲ့ သူတွေအတွက်ဆို ပိုလို့တောင် ဆိုးပါသေးတယ်… သူငယ်ချင်း မရှိပဲ နေလို့ မရပါဘူး။ ဒီမှာတော့ သူငယ်ချင်းဆိုတာ မိသားစုပါပဲ။ အကူအညီလိုရင်လည်း ကူညီ၊ နေမကောင်းရင် ပြုစုပေး၊ ရင်ဖွင့်စရာ ရှိရင် ရင်ဖွင့်ကြ… နဲ့ တကယ့် မောင်နှမတွေလိုပါပဲ။ ကိုယ့်ရဲ့ ဒီက ပြဿနာတွေကို မြန်မာနိုင်ငံက မိသားစုကို ပြန်ပြောပြတော့လည်း သူတို့က ဘာမှလုပ်ပေးနိုင်မှာ မဟုတ်ဘူးဆိုတော့ သူငယ်ချင်းတွေနဲ့ပဲ ပြောဖြစ်တာများပါတယ်။ အဲ့ဒီလို အရမ်းတန်ဖိုးရှိတဲ့ သူငယ်ချင်းတွေရဲ့ တန်ဖိုးကို မရှိတော့မှ သိတတ်ကြတာ များပါတယ်။ နောက်ပြီး အနေဝေးသွားလို့ မခေါ်ဖြစ်တာမျိုးလဲ မဖြစ်အောင် ဂရုပြုသင့်ပါတယ်။ ဘယ်လောက်ပဲ အလုပ်များများ မေးလ် forward လုပ်တာလောက်တော့ လုပ်သင့်ပါတယ်။

နောက်ပြီး အကြံတစ်ခု ပေးချင်ပါတယ်… သီရိရဲ့ အတွေ့အကြုံအရ သူငယ်ချင်းတွေ ရန်ဖြစ်ပြီးလို့ ပြန်ချစ်ကြပြီ ဆိုရင်တောင် ဖြစ်ခဲ့တဲ့ ပြဿနာရဲ့ အကြောင်းရင်းကို ဆွေးနွေးသင့်ပါတယ်။ ဒါမှ နောက်တစ်ခါ ပြန်မဖြစ်အောင် ရှောင်နိုင်မှာပါ။ တော်တော်များများက အချင်းချင်း ပြန်ခေါ်ကြပြီ ဆိုရင် အပျော်လွန်ပြီး ဖြစ်ခဲ့တဲ့ ပြဿနာကို မေ့သွားတတ်ပါတယ်။ ဒါပေမယ့် နောက်တစ်ခေါက် ထပ်ဖြစ်တဲ့ အချိန်ကျမှ သူဒါမျိုးလုပ်တာ ၂ခါရှိပြီ ဘာညာ သာရကာနဲ့ ပြဿနာက ပိုကြီးသွားတတ်ပါတယ်။ ကဲ… သူငယ်ချင်းများ အချင်းချင်း အဆင်ပြေကြပါစေ။

PS: Dedicated to the friendship of my 2 very close friends.

Read More...

Sunday, April 12, 2009

ငါရဲ့ပျောက်ဆုံးသွားတဲ့ ကမ္ဘာ

တစ်ခါတစ်လေ ငါရဲ့ ကလေးဘဝကို ပြန်စဉ်းစားမိတယ်။ ငါပိုင်ဆိုင်ခဲ့တာမှ ဟုတ်ရဲ့လားလို့ သံသယ ဝင်မိတယ်။ အရမ်းပျော်စရာကောင်းပြီး ငါ့ကို ချစ်တဲ့လူတွေ ဝိုင်းလို့ပေါ့။ အရမ်းနွေးထွေးတဲ့ မိသားစုတစ်ခုရှိလို့ ငါအမြဲ ဂုဏ်ယူခဲ့တယ်။ ဒါပေမယ့် ဒါတွေအားလုံးက ဟန်ဆောင်မှုတွေလို့ ငါဘယ်လို သိခဲ့မှာလဲ?
Extended text comes here.

Read More...

Friday, March 13, 2009

TEMPERAMENT

ဒီတစ်ခါတော့ နည်းနည်း အကျိုးရှိတာလေး ရေးချင်ပါတယ်။ သီရိ GEMs(General Elective Modules) မှာ သင်ဖူးတာလေးပါ။ သီရိ အကြိုက်ဆုံး module တစ်ခုပါ။ လူတွေရဲ့ temperament အကြောင်း သင်ယူရတာပါ။ ဘာတွေ သင်ပေးလည်း ဆိုတော့ အဓိက temperament ၄မျိုးအကြောင်းနဲ့ သူတို့ရဲ့ အားနည်းချက် အားသာချက် တွေပါ။ နောက်ပြီး သူတို့ရဲ့ leadership ပုံစံ ၊ follower ပုံစံ ၊ မိဘ ပုံစံ .. အဲ့ဒါတွေကို ပြောပြပြီး ဘယ်လို temperament မျိုးကိုဆို ဘယ်လို ဆက်ဆံသင့်တယ် ဆိုတာကို သင်ပေးတာပါ။

အဓိက temperament က ၄မျိုးရှိတာပါ။

ပထမတစ်မျိုးက Sanguine လို့ ခေါ်ပါတယ်။ အရမ်းကို စကားများပြီး လူတွေနဲ့ ပေါင်းသင်း ဆက်ဆံရေး အရမ်းကောင်းပါတယ်။ အခုမှ တွေ့ဖူးတဲ့သူနဲ့တောင် ငယ်သူငယ်ချင်းလိုမျိုး ပေါင်းတတ်တဲ့ သူမျိုးပါ။ ဒါပေမယ့် မတွေ့တော့ရင် ချက်ချင်းမေ့ သွားတတ်တဲ့ အစားမျိုးပါ။

ဒုတိယ တစ်မျိုးကတော့ Choleric လို့ ခေါ်ပါတယ်။ သူကတော့ အရမ်းကို direct ဖြစ်ပါတယ်။ ကွေ့ဝိုက်ပြီး လုပ်တတ်တဲ့ သူမျိုး မဟုတ်သလို ၊ သူလိုချင်တာကို မရရအောင် လုပ်တတ်တဲ့ သူမျိုးပါ။ နည်းနည်းတော့ ပေါင်းသင်းရ ခက်တဲ့ထဲမှာ ပါပါတယ်။ သူ့အတွက်သူပဲ တွေးတတ်တဲ့ အတွက် တစ်ကိုယ်ကောင်း ဆန်ပါတယ်။

တတိယကတော့ Melancholies ပါ.. သူကတော့ အရမ်း အသေးစိတ်ကျပြီး အတွေးထဲမှာ လွင့်မျောနေတတ်တဲ့သူပါ။ အဲ့ဒါကြောင့်မို့ အလုပ်တစ်ခုကို လုပ်ပြီဆို မပြီးနိုင် မစီးနိုင်ပဲ perfection ကို သွားတတ်တဲ့သူမျိုးပါ။ များသောအားဖြင့် deadline ကျော်ပြီး ဒုက္ခရောက်တတတ်တဲ့ အစားမျိုးထဲကပေါ့။

နောက်ဆုံးတစ်ခုကတော့ Phlegmatics လို့ ခေါ်ပါတယ်။ Phle ကတော့ San နဲ့ ပြောင်းပြန်ပါ.. လုံးဝ စကားနည်းပါတယ်။ သူ့ဘက်ကနေ ဘယ်တော့မှ စကားစပြောတယ်လို့ မရှိပါဘူး။ ခေါင်းလည်း မာပါတယ်။ နောက်ပြီး ကိစ္စတော်တော်များများကို မကောင်းမြင်တတ်ပါတယ်။ ဘဝကို အေးအေးဆေးဆေး ဖြတ်သန်းချင်တဲ့ သူမျိုးပါ။ ဘယ်သူခိုင်းခိုင်း အားနာပြီး လုပ်ပေးတတ်ပါတယ်။

ဒါတွေကတော့ temperament ၄မျိုးရဲ့ ယေဘူယျပုံစံပါ။

ဒီ temperament တစ်ခုချင်းစီကို ကိုယ်စားပြုတဲ့ လူဆိုတာ မရှိပါဘူး။ ဘာလို့လဲဆိုတော့ လူတစ်ယောက်မှာ အပေါ်မှာ ဖော်ပြထားတဲ့ temperament ၄မျိုးထဲက အနည်းဆုံး ၂ခုတော့ ပါဝင်နေပါတယ်။ ဘယ်အပိုင်းက ပိုများတယ်ဆိုတာပဲ ရှိတာပါ။ တချို့ဆို ၃မျိုး ၊ တချို့က အားလုံး ပေါင်းထားတာ မျိုးလည်း ဖြစ်တတ်ပါတယ်။ တစ်ခုကို ၂၅% စီပေါ့။ ကဲ.. ဒီ temperament တွေရဲ့ strength တွေ weakness တွေကိုတော့ နောက် post တစ်ခုမှာ ဆက်ဖတ်ပေးကြပါ။


Extended text comes here.

Read More...

Tuesday, November 18, 2008

လွမ်းမောစရာ အထက်တန်း ကျောင်းသား ဘဝ

အခုတလော စာကများပါတယ် ဆိုမှပဲ လုပ်ချင်စိတ်က မရှိ။ ဘလော့ပဲ ရေးချင်နေသည်။ ဒီနေ့တော့ ငယ်ငယ်က အထက်တန်းကျောင်းမှာ ဆိုးခဲ့တာတွေကို ရေးချင်ပါတယ်။ သီရိတို့ မောင်နှမတွေ အားလုံးက သူငယ်တန်းကနေ ၁၀တန်းအောင်တဲ့ အထိ ကျောင်းတစ်ကျောင်း ထဲမှာပဲ တက်ခဲ့တာဆိုတော့ ကျောင်းက ဆရာမတွေနဲ့လည်း အကုန်သိ.. မေမေကလည်း ကျောင်းက အမှုဆောင်ထဲပါတော့ ပိုဆိုး။ ဟိုးငယ်ငယ် ကတည်းကနေ ၈တန်း အထိတော့ နာမည် ကောင်းရပါတယ် လိမ္မာတယ်ပေါ့.. အဲ.. ၉တန်းလည်း ရောက်ရော.. ရုံးခန်းရောက် တာလည်း ခဏခဏ.. ဒဏ်ပေးခံ ရတာလည်း ဘယ်နှခါမှန်း မသိ။ တကယ်တော့ သီရိတို့က ဆိုးတာ မဟုတ်ပါဘူး.. သီရိတို့ အတန်းပိုင်က ဆိုးတာ.. နာမည်ကြီး။ သူ့အတန်း ရောက်ရင် ဘယ်လောက် လိမ္မာတဲ့ သူဖြစ်ဖြစ် ဆိုးသွားတာချည်းပဲ။ သူကဆိုးတော့ ကျောင်းသား တွေကလည်း သူ့ကို အရွဲ့တိုက်ကြ။

ဘယ်လောက်ထိ ဆိုးလည်း ဆိုရင် သူလိုက်ရိုက်ရင် ကျောင်းသားတွေက အခန်းပတ်ပြေးကြတယ်။ သူက ဝတော့ မလိုက်နိုင်ဘူးလေ။ တစ်ခါတစ်လေဆို ကျောင်းသားတွေက သူ့သောက်ဖို့ ဝယ်ထားတဲ့ လက်ဖက်ရည်တွေ ခိုးသောက်ကြ.. ပြီးတော့ လက်ဖက်ရည် အစား ရေတွေရော။ တစ်ခါကတော့ သူ သီရိတို့ သူငယ်ချင်း အဖွဲ့ကို တော်တော် ဒေါခီးသွားပါတယ်။ ကျူရှင်တစ်ခုက စာမေးပွဲရှိလို့ အဖွဲ့လိုက် ကျောင်းပျက်ကြတာလေ။ အဲ.. ခွင့်မဲ့ ပျက်တာ မဟုတ်ဘူးနော်။ ခွင့်တိုင်ပြီးမှ ပျက်တာကို သူက ရန်လုပ်တယ်လေ (အဲ့ ကျူရှင်က သူသင်တဲ့ ဘာသာ မို့လို့ပါ)။ ဒါနဲ့ နောက်နေ့ ကျောင်းလာလာချင်း ကျောင်းပျက်တဲ့သူ အားလုံးကို မတ်တပ်ရပ်ခိုင်း ၊ နောက်ပြီး နင်တို့အားလုံး နောက်တစ်ခါ ကျောင်းမပျက်ပါဘူး ဆိုတဲ့ ဝန်ခံလက်မှတ် ထိုးရမယ်တဲ့။

အဲ့ဒီမှာ သီရိသူငယ်ချင်း (အတန်းပိုင် မျက်မုန်း အကျိုးဆုံးသူပါ) တစ်ယောက်က ဆရာမ အဲ့လိုတော့ လက်မှတ် မထိုးနိုင်ဘူး ဆိုပြီး ပြောပါလေရော။ နေမကောင်းရင် ဘယ်လိုလုပ်မလဲတဲ့.. နေမကောင်းရင်လည်း ကျောင်းလာ ရမှာလား ဆိုပြီး ပြောတော့ အတန်းပိုင် ပေါက်ကွဲ သွားပါတယ်။ လာ.. နင်တို့ အားလုံးလိုက်ခဲ့.. ရုံးခန်းသွားမယ် ဆိုပြီး ကျောင်းအုပ်ဆီ ပါသွားပါလေရော (ကျောင်းအုပ်နဲ့ သူနဲ့က ငယ်သူငယ်ချင်းတွေပါ)။ ရုံးခန်းကို အယောက် ၂၀လောက် ပါသွားတာပါ။ အုပ်စုလိုက်ကြီး ပျော်ပျော်ပါးပါး ပြုံးစိပြုံးစိနဲ့ ပါသွားကြတာပါ။ တစ်ယောက်မှလည်း စိတ်ညစ် မနေပါဘူး.. အားလုံးက အတန်းပိုင်ကြီးကို ကြည့်ပြီး ရီချင်နေ ကြတာပါ။ နောက်တော့ ကျောင်းအုပ်က ခွင့်စာရွက်တွေကို ကြည့်ပြီး ခွင့်ရက် အများဆုံးသူ ၅ယောက်ကို မိဘခေါ်ပါတယ်။ သီရိဝင်းထိုက် တို့က ရှေ့ဆုံးကပေါ့။

နောက်နေ့ မိဘတွေခေါ်လာတော့ ကျောင်းသားမိဘတွေ အားလုံးက ကျောင်းအုပ်နဲ့ အသိ ဖြစ်နေပါတယ်။ အဲ့ဒီတော့ ကျောင်းအုပ် ခမျာလည်း ဆူရအခက် ၊ အော်ရအခက် ၊ ရိုက်ရအခက်ပါ။ နောက်ဆုံးတော့ “နောက်ကျောင်း မပျက်တော့ပါဘူး” ဆိုတဲ့ စာကြောင်းကို ၅ယောက်ပြိုင်တူ ၅ခါအော်ခိုင်းပြီး ပြန်လွှတ်လိုက်ပါတယ်။ အတော်လေးကို ရီချင်စရာပါ.. ရိုက်သာခံ ရရင်တော့ အဲ့လိုရီနိုင်မယ် မထင်ပါဘူး။ သီရိတို့ ကျောင်းက အရိုက်ကြမ်းတဲ့ နေရာမှာ နာမည်ကြီးပါ။ ဘယ်သူ့ကို ဖက်ပြီး အရိုက်ခံချင်လဲ.. နန္ဒာလှိုင်လား ခိုင်သင်းကြည်လား.. ဟဲ.. အဲ့ဒါ ကျောင်းက တိုင်လုံးကြီးတွေကို နာမည်ပေးထားတာပါ။ ကျောင်းသားကို တိုင်ဖက်ခိုင်းပြီး နောက်ကနေ ဆရာက သူ့အရပ်ထက် ရှည်တဲ့ ကြိမ်လုံးနဲ့ အားကုန် ဆော်တာပါ။ သီရိ အကိုတွေဆို ခဏရင်း အဆော်ခံနေကျ။

အဲ့ဒီအတန်းပိုင်နဲ့ သီရိနဲ့က တစ်ရပ်ကွက်ထဲ နေတာပါ။ အမေတို့နဲ့က ဟိုးအရင်ကတည်းက အသိ.. အတန်းပိုင်က တစ်ခါတစ်လေ အိမ်ထိလိုက်ပြီး တိုင်တာပါ။ ဟီး.. အမေတို့ကလည်း အဲ့ဒီဆရာမ အကြောင်း သိပြီးသား ဆိုတော့ အေးဆေးပါ။ တစ်ခါကလည်း သူလုပ်တာနဲ့ သီရိသူငယ်ချင်း နှလုံးရောဂါသည် ရောဂါဖောက်လို့ သူ့အိမ်က ချက်ချင်းလိုက်လာပြီး ဆေးရုံပို့ လိုက်ရတဲ့ အဖြစ်။ အဲ့ဒီအချိန် ကစပြီး သူလည်း သိပ်မပြောရဲ တော့ပါဘူး။ ကျောင်းအုပ်က သူ့ကို ခေါ်ပြီး ကြိမ်းလိုက်တာလေ။ နောက်ဆုံး ကျောင်းပိတ်ခါနီး ဆရာကန်တော့ပွဲ မှာတောင် ပြဿနာက တက်သေး။ သီရိတို့ သူငယ်ချင်း တစ်တွေ စုပြီး ဆရာ ဆရာမတွေ အားလုံးကို ညီတူညီမျှ ကန်တော့တာကို တစ်ခြား ဆရာတွေကို လျှော့ကန်တော့ဖို့ ပြောတာပါ(သူ့ကို ပိုပြီး အရေးပေး စေချင်တာပါ)။ တကယ်ကို တွေ့ဖူးသမျှထဲမှာ အဆိုးဆုံး ဆရာပါပဲ။ စိတ်ထား မကောင်းတာတော့ မဟုတ်ပါဘူး။ ဘယ်လိုပြောရ မှန်းလည်း မသိပါဘူး။

ငယ်ငယ်တုန်းက အကြောင်းတွေ တွေးလိုက်ရင်တော့ ရီချင်စရာတွေချည်းပါပဲ။ Bigbag သီချင်းထဲကလိုပေါ့.. အတိတ်ကို ပြန်စဉ်းစားရင် ရုပ်ရှင်ကြည့်ရ သလိုပဲ ဆိုတာ အတော်မှန်တာပါ။ ဒီအကြောင်းရေးနေတဲ့ အချိန်မှာ သီရိတို့ ကျောင်းကြီးနဲ့ သူငယ်ချင်းတွေ.. ဆရာမရဲ့ ပုံရိပ်တွေကို ပြန်ပြီး မြင်ယောင်လာမိပါတယ်။ လွမ်းစရာကောင်းတဲ့.. တစ်ချိန်က ကျောင်းတော်ကြီးရယ်.. ငါဘယ်အချိန် နင့်ဆီ လာလည်နိုင်မလဲလို့ တွေးရင်း.. စာကျက်ရပါဦးမည်။ တော်သေးပြီ။

Read More...

Monday, November 17, 2008

ရထားနှင့် ခရီးတစ်ခေါက်

စင်္ကာပူက ရထားတွေကို တစ်ခါတစ်လေ အရမ်းကြာတယ်လို့ တွေးမိတယ်... တစ်နေရာရာ ရောက်ဖို့ သွားနေတာ အကြာကြီးပဲလို့ စိတ်ထဲထင်မိတာ တကယ်က ခရီးက ဝေးတာပါ။ ဒါပေမယ့် နောက်ဆို အဲ့လို ဘယ်တော့မှ ထင်တော့မှာ မဟုတ်ပါဘူး။ ဒီတစ်ခေါက် မြန်မာနိုင်ငံကို ပြန်တော့ ရန်ကုန်က မန္တလေး အပြန်မှာတော့ လေယာဉ်စီးတယ်။ မန္တလေးကနေ ရန်ကုန်ကို ပြန်တော့ ရထားစီးချင်တာနဲ့ ရထားနဲ့ ပြန်တာပေါ့ (မွန်သီရဲ့ မန္တလေး-ကသာ လမ်းမှာ ရထားပေါ်က လှမ်းရိုက်ထားတဲ့ ဓာတ်ပုံတွေကြောင့်လည်း ပါပါတယ်)။

ရထားက ၉း၄၅မိနစ်မှာ ထွက်တာပါ။ ထွက်တာကတော့ အချိန်မှန်ပါတယ်။ ဒါပေမယ့် ရထားပေါ်တက်တက်ချင်း ခံစားလိုက်ရတာကတော့ ရထားကြီးက စုတ်လိုက်တာလို့။ အရင်က ရထားတွေကမှ ကောင်းပါသေးတယ်။ အခုဟာက တရုတ်ကပို့လိုက်တဲ့ ရထားအသစ်ကြီးဆိုပဲ။ ရထားတစ်စီးလုံး ကြည့်ကြည့်... သစ်တဲ့နေရာဆိုလို့ တစ်နေရာမှကို မရှိတာ။ တရုတ်ပြည်မှာ စုတ်လွန်းလို့ ဘယ်သူမှ မစီးတော့တဲ့ ရထားတွေကို ပို့လိုက်တာပဲ ဖြစ်မှာပါ။ အဲကွန်းလေး တီဗွီလေးတောင် မပါရှာပါဘူး။ စထွက်တုန်းကတော့ နည်းနည်း မြန်ရှာ သလိုလိုပါပဲ။ ဒါပေမယ့် အဲ့လိုမြန်တာ နာရီပိုင်းလောက်ပဲ ရှိပါသေးတယ် .. အရှိန်က နှေးသွားလိုက် ဟိုမှာ ရပ်လိုက် ဒီမှာ ရပ်လိုက်နဲ့ တော်တော်ကို စိတ်ကုန်ဖို့ ကောင်းတာပါ။ အခုလည်း ရထားပေါ်မှာ အရမ်းကို ပျင်းနေတာနဲ့ စက်ဖွင့်ပြီး ရိုက်နေတာပါ။

ဆိုးတာက ပျဉ်းမနားမှာ အင်း.. နေပြည်တော်လို့ပဲ ခေါ်ခေါ်ပေါ့နော်... ဆိုကရေးတီး ပြိုင်မယ့်သူတွေပါတော့ ဗိုလ်မှူးက လာကြိုပါတယ်။ ရထားက ဗိုလ်မှူး အိပ်ရာထမယ့် အချိန်နဲ့ ကွက်တိ ဝင်နိုင်အောင် တစ်လမ်းလုံး ဖြည်းဖြည်း မောင်းလာတာပါ။ စဉ်းစား ကြည့်ကြပါ.. စီးလာတဲ့ ခရီးသွားတွေရဲ့ အချိန်တွေကိုမှ အားမနာ။ သူတို့ဆင်းတာကလည်း အကြာကြီးပါ။ နောက်ပြီး ပျဉ်းမနားမြို့ထဲမှာဆို ရထားက အမြန် မမောင်းရဘူးလား မသိပါဘူး.. တကယ့်ကို လိပ်နှုန်းနဲ့ မောင်းနေတာပါ။ သူ့ဟာသူ နှေးတာက ကိစ္စမရှိဘူး .. ကိစ္စရှိတာက ရပ်ရင် ဒါမှမဟုတ် နှေးနှေးလေး မောင်းရင် အိမ်သာက အရမ်း နံတာပါပဲ။ နောက်ဆို ဘယ်တော့မှ ရထားမစီး တော့ပါဘူး။ အချိန်ကုန် လူပန်း စိတ်ဆင်းရဲ ပျင်းလို့က သေတော့မယ်။ ဒါတောင် ရထားလက်မှတ်က ၃ရက်ကြိုဝယ်တာ မရလို့ အတွင်းလူနဲ့ ဝယ်ခိုင်းရတဲ့ အဖြစ်ပါ။

စဉ်းစားသာ ကြည့်ကြပါ... ဒီလို ရထားစုတ်ကြီးကိုတောင် အလုအယက်စီးနေရတဲ့ ကျွန်မတို့ မြန်မာနိုင်ငံက လူတွေ သနားစရာပါ။ ကျွန်မစီးတာက အထက်တန်းမို့ တော်ပါသေးတယ်.. တော်သေးတယ်ဆိုပေမယ့်လည်း တော်တော်ကို မသန့်တာပါ။ ရိုးရိုးတန်းများဆို ဘယ်လိုများနေမလဲလို့ စဉ်းစားမိပါတယ်။ မေမေကတော့ ကားပဲ ကြိုက်တယ်တဲ့.. မနက်လင်းရင် ရန်ကုန်ရောက်လို့တဲ့။ ဟုတ်တော့ ဟုတ်ပါတယ်.. ဒါပေမယ့် ကားက စီးရတာ တော်တော် ကျဉ်းကျပ်ပါတယ်။ အကောင်းဆုံး ကတော့ လေယာဉ်ပါပဲ.. ၁နာရီဆို ရောက်ပြီ။ ကော်ဖီနဲ့ မုန့်နဲ့လည်း ကျွေးသေးတယ်.. အေးဆေးပဲ။ အိမ်ကကားနဲ့ သွားရင်လည်း ဒုက္ခ ရောက်တာက အိမ်သာသွား ရတာပါပဲ။ လမ်းမှာ အိမ်သာ သွားချင်ပြီဆို ဆိုင်သေးသေး လေးဖြစ်ဖြစ် နည်းနည်းကြီး တာဖြစ်ဖြစ် အိမ်သာက မသန့်တာ များပါတယ်။

ကဲ.. ရထားကိစ္စ ပြန်ဆက် လိုက်ဦးမယ်။ အဲ.. အခုတော့ နည်းနည်း ပြန်မြန်လာပါပြီ။ ဒါပေမယ့် တောင်ငူတောင် မရောက် သေးပါဘူး... ရန်ကုန်ကို ဘယ်အချိန်မှ ရောက်ပါ့မလဲ မသိဘူး။ မနေ့ည ကတည်းက ခုချိန်ထိ ရေဆို ၂လုတ်ပဲ သောက်ရ ပါသေးတယ်။ ရှူပေါက် ချင်မှာစိုးလို့ ရေမသောက် ရဲတာပါ။ အိမ်သာသွားရမှာ အတော်ကို ဝန်လေးစရာ ကောင်းပါတယ်။ ပြောတုန်းဆိုတုန်း အရှိန်က နှေးသွားပြန်ပါပြီ။ စိတ်တိုလာပြီနော်.. တစ်နာရီ တစ်မိုင်နှုန်းနဲ့များ သွားနေသလား မသိဘူး။ အဲ့လိုတော့ မဖြစ်ကောင်းပါဘူး .. အဲ့လိုသာဆို နာရီ ၄၀၀ကျော်လောက် ကြာသွားမှာ ပေါ့နော်။ ဒါပေမယ့် ရထားကြီးကိုတော့ နာမည်ပြောင်း ပေးချင်ပါတယ် ... အနှေးရထားလို့။ နှေးသွားပြန်ပြီ.. ရပ်ဦးမှာလား မသိပါဘူး... စိတ်ကုန်ပါတယ်။

အပေါ်မှာ ရေးထားတာ တွေကတော့ ရထားပေါ်မှာ စိတ်ညစ်ညစ်နဲ့ ရေးခဲ့တာတွေပါ။ ကျွန်မ အဲ့ဒီရထားပေါ်မှာ နာရီ ၂၀ ကျော်အောင် နေခဲ့ရပါတယ်။ ညနေ ၆နာရီလောက်မှ ရန်ကုန်ကို ရောက်တာပါ။ ပြန်တွေး ကြည့်တိုင်းလည်း စိတ်ညစ်ပါတယ်။

Read More...

မိုးသည်းတဲ့ နေ့တစ်နေ့

ဒီနေ့ မနက်မိုးလင်းတော့ နေမသာ မိုးမအုံ့ အခြေအနေလေးပါ။ ရေချိုးပြီး ကျောင်းသွားဖို့ ထွက်လာတော့လည်း ရာသီဥတုက သာသာယာယာပါပဲ။ ဒါပေမယ့် ကျောင်းလည်း ရောက်ရော.. မိုးတွေက တော်တော်လေး အုံ့နေပါတယ်။ အိမ်သာထဲ ခဏဝင်ပြီး ထွက်လာတော့ မိုးတွေရွာနေပါပြီ။ ဪ.. စင်္ကာပူရယ်.. အပြောင်းအလဲ မြန်ပါပေ့။ ကျောင်းမှာ project လုပ်ဖို့ သူငယ်ချင်းတွေနဲ့ ချိန်းထားတာပါ။ ချိန်းထားတဲ့ သူတွေကလည်း မရောက်သေးဘူး ဆိုတော့ lab ထဲလည်း တစ်ယောက်ထဲ သွားမနေချင်တာနဲ့ စာသင်ဆောင် တစ်ခုအောက်မှာ တစ်ယောက်တည်း သွားထိုင်နေပါတယ်။ ခဏကြာတော့မှ သူငယ်ချင်း ၂ယောက် ရောက်နေမှန်း သိတာနဲ့ သူတို့ဆီ သွားလိုက်ပါတယ်။ နောက်တော့ ထမင်းစားချိန် ရောက်တာနဲ့ food court ကို သွားပြီး ထမင်းစား.. မိုးကလည်း သည်းကြီး မည်းကြီး ရွာနေတုန်းပါပဲ။ ထမင်းစားပြီးတဲ့ အချိန်မှာ ပိုပြီး သည်းလာပါတယ်.. လေတွေပါ တိုက်လာတယ်။ အိုး.. ချမ်းပြီပေါ့ SALC အောက်မှာဆိုတော့.. အဲ့ဒီနေရာက ကျောင်းသားတွေ စာလုပ်ဖို့ ဒါမှမဟုတ် ထမင်းစားဖို့ လုပ်ပေးထားတဲ့ နေရာပါ။ တဖက်က ဘောလုံးကွင်းနဲ့ ဆက်နေပြီး လေဟာပြင်ဆိုတော့ မိုးရွာပြီး လေတိုက်ရင် အတော်လေး ချမ်းပါတယ်။ ဒါနဲ့ မနက်ကတည်းက သောက်ချင်ပေမယ့် ရင်တုန်မှာစိုးလို့ မသောက်ခဲ့ရတဲ့ ကော်ဖီကို သွားသတိရမိပါတယ်။ အဲ့လို မသောက်ခဲ့တဲ့ ကြားကကို ရင်ကတုန်နေ ပါသေးတယ်။ ဒီလိုဆိုတော့လည်း ဖြေဆေးပေးတဲ့ အနေနဲ့ ကော်ဖီပဲ ပြန်သောက် ပေးလိုက်ပါတယ် (သိတယ်မလား တရုတ်ကားတွေ ထဲကလို အဆိပ်ကို အဆိပ်နဲ့ ပြန်ဖြေသလိုပေါ့)။ မိုးအေးအေးလေးမှာ ကော်ဖီလေး တစ်ခွက်နဲ့ အရမ်းကို အရသာ ရှိပါတယ်။ တိတ်ဆိတ်မှုလေးသာ ထပ်ဖြည့်ပေးလိုက်ရင် ပိုပြီး ပြည့်စုံသွားမှာပါ။

Read More...