Monday, November 30, 2009

အတွေးတစ်စ..

ဟန်ဆောင်မှုတွေ မကြိုက်တဲ့ငါ ၊ ဟန်ဆောင်မှုတွေကြားမှာပဲ ကြီးပြင်းခဲ့သလား..
နာကျင်မှုတွေကို မလိုချင်တဲ့ငါ ၊ နာကျင်မှုတွေနဲ့ပဲ ရှင်သန်ခဲ့တာလား..
ဖြူစင်မှုကို မြတ်နိုးတဲ့ငါ ၊ လိမ်ညာမှုတွေကိုပဲ ရခဲ့တာလား..
မျက်ရည်ကျဖို့ ဝန်လေးတဲ့ငါ ၊ ငါ့မျက်ရည်စတွေကို လွှင့်ပစ်ရဦးမလား..
ခင်မင်မှုကို တန်ဖိုးထားတဲ့ငါ ၊ ငါ့ခင်မင်မှုတွေ အသုံးချခံ လိုက်ရသလား..
နောက်ထပ် ထိုးနှက်ချက်တွေ မလိုတော့တဲ့ ငါ့ဘဝမှာ.. ထိုးနှက်ချက်တွေပဲ ထပ်ရဦးမှာလား..

Saturday, October 3, 2009

ကျွန်မနဲ့ သီတင်းကျွတ်လ

ဒီနေ့ သီတင်းကျွတ်လပြည့်နေ့ဆိုတော့ သီရိရဲ့ သီတင်းကျွတ်အကြောင်း ရေးချင်စိတ်ပေါက်လာလို့ ရေးလိုက်ဦးမယ်နော်။ သီတင်းကျွတ်ကို ကြိုက်ရတဲ့ အကြောင်းအရင်းကတော့ အများကြီးပါ။ အဓိကကတော့ သီရိမွေးနေ့ရှိလို့ပါ… အသက်တစ်နှစ် ပိုကြီးသွားတာ ကြိုက်လို့ လို့တော့ မထင်လိုက်ပါနဲ့။ မွေးနေ့လက်ဆောင် ရပြီး မွေးနေ့ကိတ်မုန့်စားရလို့ပါ.. ဟီး။ ဒုတိယ အချက်ကတော့ ကျောင်းပိတ်ရက်ရှည် ရလို့ပါ။ ပြီးတော့ သီတင်းကျွတ်မှာ ဗျောက်ဖောက်ရတာကိုလည်း ကြိုက်တယ်… အိမ်ကို မီးထွန်းပြီး အလှဆင်ရတာကိုလည်း ကြိုက်တယ်။ ကလေးတုန်းကတော့ မီးပုံးကား ဆွဲရတာကိုလည်း ကြိုက်တယ်။

အဲ.. မီးပုံးကား ဆွဲတဲ့ကိစ္စကို ပြောရပါဦးမယ်… သီရိက အရမ်းဆိုးတယ်.. ငယ်ငယ်က… သီတင်းကျွတ်မှာ မီးထွန်းရတာ ၃ရက်မဟုတ်လား… အဲ့လိုဆို သီရိက တစ်ရက်ကို မီးပုံးကား တစ်မျိုး ဆွဲချင်တဲ့ အကျင့်ရှိတယ်။ မီးပုံးကား သေးသေးလေးက အစ… ဟိုးအကြီးကြီးထိ ဆွဲချင်တာပါ။ အဲ့လိုဆိုတော့ အကြံအဖန် လုပ်ရတာပေါ့။ မေမေက မီးကား၂ကား ပြိုင်တူ ဘယ်တော့ ဝယ်မပေးပါဘူး။ အဲ့လိုဆိုတော့ကာ တစ်နေ့တစ်ဆိုင် မရောက် ရောက်အောင် အကြံအဖန် လုပ်ပြီး သွားတာပေါ့… ဟီး။ မေမေကလည်း တစ်ရက်တစ်ခု ဆိုရင်တော့ ဝယ်ပေးတယ်… ထူးဆန်းတယ်နော်။

သီရိဆွဲဖူးတဲ့ မီးပုံးကား ပုံစံတွေကတော့ စုံနေတာပဲ.. ယုန်သေးသေးလေးက အစ သင်္ဘော အကြီးကြီးအထိ...မေမေက တိုးနယားရုပ်တွေကို သေချာမှာပေးဖူးတယ်။ အမွေးတွေ တွဲလောင်း တွဲလောင်းနဲ့… ညီမတစ်တွေ တစ်ယောက်၁ရုပ် ရောင်စုံတိုးနယားတွေကို ဆွဲခဲ့ဖူးတာ သတိရမိပါသေးတယ်။ ဒါပေမယ့် အဲ့ တိုးနယားတွေက ၃ရက်ခံတာ အတော်ရှားတယ်။ သူက အမွေးတွေနဲ့ ဆိုတော့ လောင်တာပေါ့။ မီးပုံးကားဆွဲရတာ ရန်ခုန်ဖို့ ကောင်းတာ အဲ့ဒါပါပဲ။ အရုပ်တွေ မီးလောင်ပြီဆို ကြောက်ကြောက်နဲ့ ဝိုင်းတက်နင်းရတာလည်း feeling တစ်မျိုးပါပဲ… ဟီး။ ကလေးလေးတွေက ရီဖို့ ကောင်းသလို ချစ်ဖို့လည်း ကောင်းတယ်… အဲ့အရုပ်လေးတွေကို မီးထွန်းပြီး အိမ်ရှေ့မှာ လျှောက်ပတ်နေရတာကို ပျော်နေကြတာ။

သီရိရဲ့ သီတင်းကျွတ် အဖြစ်အပျက်တွေ ပြောရရင်တော့ မကုန်နိုင်အောင်ပါပဲ။ ဒါပေမယ့် ထူးဆန်းတာ လေးတွေပဲ ရွေးပြောပြမယ်။ တစ်ခါတုန်းက သီရိရဲ့ စကပ်အဝဲကြီးကို မီးမစွဲမလိုလို ဖြစ်လို့ ရန်ခုန်လိုက် ရတာလည်း အမော။ နောက်ပြီး အိမ်က အဒေါ်တစ်ယောက်… ဝရန်တာမှာ ချိတ်ထားတဲ့ မီးပုံးကို မီးစွဲပြီးလောင်နေတာကို မသိပဲ အဲဒီ့အောက် တည့်တည့်မှာ သွားရပ်နေရော။ အဖြစ်ကဆိုးချင်တော့ အားလုံးက ဝိုင်းအော်နေတဲ့ကြားက အဲ့အောက်မှာ ဆက်ရပ်နေပါတယ်… result ကတော့ သူ့ဆံပင်ကို မီးစွဲသွားတာပေါ့။ အပေါ် မီးပုံးက ကျတဲ့ မီးစလေ… ဟီး ဝုန်းကနဲ ဦလေးတစ်ယောက်က သူ့ကို ရေနဲ့ ပက်တော့ အူကြောင်ကြောင်နဲ့ ကြည့်နေပါသေးတယ်။ သူ့ဆံပင် မီးစွဲနေတာကို သူကိုယ်တိုင်က မသိသေးဘူးလေ။

နောက်တစ်နှစ်ကတော့ မီးသရဲဆော့တာ နာမည်ကြီးတဲ့နှစ်ပါ။ အဲ့တော့ မီးသရဲလုပ် ကြတာပေါ့။ ဟီး.. အလုပ်လွန်တာ.. အမဝမ်းကွဲ ထိပ်ပြောင်သွားပါရော… ဆံပင်ဆို သေအောင်နှမြောတတ်တဲ့ သူ့ကျမှပဲ ဆံပင်ပြောင်သွားရတယ်လို့… ဖြစ်လည်း ဖြစ်တတ်ပါဘိ။

အပျော်ဆုံး သီတင်းကျွတ်လပြည့်နေ့ကတော့ သီရိမွေးနေ့နဲ့ လပြည့်နေ့ တစ်ထပ်တည်း ကျခဲ့ဖူးတဲ့နေ့ပါ။ အခန်းတစ်ခန်းလုံးကို မီးမှောင်ချပြီး… မီးပန်းလေးတွေက ရတဲ့ မီးရောင်နဲ့ပဲ မွေးနေ့ကိတ် ခွဲခဲ့ဖူးပါတယ်။ အရမ်းကို ပျော်စရာကောင်းတဲ့ မွေးနေ့လေးပါ။

သီတင်းကျွတ်မှာ မုန်းတာကတော့ ကားထဲကို ဗျောက်ပစ်ထည့်တာတို့… လမ်းလျှောက်နေတဲ့သူဆီကို ဗျောက်လှမ်းပစ်တာတို့… သူများ ဆိုင်ကယ်ခြင်းတဲ့ ဗျောက်ထည့်တာတွေကို မုန်းပါတယ်။ အဲ့ဒါကတော့ လူတွေရဲ့ လုပ်ရပ်ကို မုန်းတာပေါ့နော်။ သဘာဝကိုလည်း မုန်းပါသေးတယ်။ သီတင်းကျွတ် မီးထွန်းတဲ့ညမှာ မိုးရွာလာလို့ကတော့ အဲ့မိုးကို သေအောင် ကြိမ်ဆဲပြီမှတ်။

သီတင်းကျွတ်မှာဆို လူကြီးမိဘ ဆရာသမားတွေကို လိုက်ကန်တော့ရတာကိုလည်း နှစ်သက်မိပါတယ်။ သွားမကန်တော့ခင်ကတော့ ကလေးပီပီ သွားရမှာ ပျင်းတာပေါ့။ ရောက်သွားပြီဆိုရင်တော့ တော်တော်နဲ့ မပြန်ဖြစ်တော့ပါဘူး။ ချကျွေးသမျှ မုန့်တွေ ထိုင်စားနေလို့လို့တော့ မထင်ပါနဲ့ (တကယ်တော့ ထိုင်စားတာပါပဲ… ကြိုက်တဲ့ဟာဆို ထပ်တောင် တောင်းသေးတယ်… ဟီး)။ မတွေ့တာကြာတဲ့ လူကြီးသူမဆရာသမားတွေနဲ့ တွေ့တော့ စကားကောင်းနေတာပေါ့… တော်တော်နဲ့ ပြောလို့ မပြီးပါဘူး။ ဟီး… တကယ်ပြန်စေချင်ပြီ ဆိုရင်တော့ မုန့်ဖိုးပေးပေတော့… မုန့်ဖိုး မရမချင်းလည်း ထပြန်မှာ မဟုတ်လို့ပါပဲ။

ကဲ… ဒါလောက်ပဲ ပြောတော့မယ်နော်… ရေးတာလည်း တော်တော်များပြီ။ ဖတ်ရတဲ့သူလည်း ပျင်းလောက်ပြီ။ ရေးတဲ့သူလည်း ပျင်းလာပြီဆိုတော့ကာ… တာ့တာ။

Tuesday, September 15, 2009

ပြောင်းလဲမှု

ကျောင်း၃နှစ်လည်း ပြီးပြီ။ ငါ ဘာတွေ ပြောင်းလဲသွားလဲလို့ စဉ်းစားမိတယ်။ အများကြီးပါ… ကောင်းတာတွေရော မကောင်းတာတွေရော။ အချက်နဲ့ ပြောရင် ပိုကောင်းမယ်နဲ့ တူတယ်။

၁။ Internet ဆိုတာကို သိလာတယ်။ Online မှာ အချိန်တွေ အများကြီး ဖြုန်းမိတယ်။ ကောင်းတဲ့အချက်ကတော့ ဗဟုသုတတိုးတယ်။ သိချင်တဲ့ သတင်းတွေ ၊ အကြောင်းအရာတွေ ၊ အကုန်သိနိုင်တယ်။ အိမ် (မန္တလေး) မှာဆို ဘာလုပ်လဲလို့ ကိုယ့်ဟာကို ပြန်တွေးကြည့်တော့ အားရင် စာဖတ်ဖြစ်တယ်။ မဟုတ်ရင် မမနဲ့ တစ်နေရာရာ သွားချင်သွား။ ဒါမှမဟုတ် အမေနဲ့ အဒေါ်တွေကို လှည့်ချွဲ ၊ စကားတွေပြော။ တစ်ခါတစ်လေ သူငယ်ချင်းတွေနဲ့ အပြင်သွားပေါ့။

၂။ အရမ်းတကိုယ်ကောင်းဆန်လာတယ်။ အဓိကအကြောင်းအရင်းကတော့ မိသားစုနဲ့ မဟုတ်တာကြောင့်မို့ပါ။ အပြင်လူတွေနဲ့ပဲ အမြဲတမ်း ဆက်ဆံနေရတဲ့အခါမှာ အထူးသဖြင့် မကောင်းတဲ့သူတွေနဲ့ ဆက်ဆံရပါများလာတော့ လူက အလိုလို တကိုယ်ကောင်း ဆန်လာတယ်။ ဒီမှာက မြန်မာအချင်းချင်းတောင် ကောင်းကြတာ မဟုတ်တော့ ကိုယ့်ကိုကိုယ် ဘယ်လိုကာကွယ်ရမလဲ ဆိုတာကိုပဲ စဉ်းစားမိတယ်။ စလုံးတွေဆို ပိုတောင် ဆိုးသေး။

၃။ ပိုပြီး independent ဖြစ်လာတယ်။ အင်းလေ… ကိုယ့်ရှေ့မှာ ရပ်ပေးမယ့်သူ တစ်ယောက်မှ မှ မရှိတာပဲ။ ဘာဖြစ်ဖြစ် ကိုယ့်ဟာကိုပဲ ဖြေရှင်းရတာဆိုတော့။

၎။ ပိုပြီး ပွင့်လင်းလာတယ်။ အားနာတတ်တာမျိုးလည်း သိပ်မရှိတော့ဘူး။ ကြိုက်ရင် ကြိုက်တယ်.. မကြိုက်ရင် မကြိုက်ဘူး။

၅။ ပိုပြီးတော့လည်း ရန်လိုလာတယ်။ ငါ့ကို လာမထိနဲ့ ပြန်လုပ်လိုက်မယ်ဆိုတာချည်းပဲ။ ဒါကတော့ စလုံးတွေကြောင့်ပါ။ တချို့စလုံးတွေ အရမ်းမိုက်ရိုင်းပါတယ်။ လူကို အသားလွတ် လာအော်တာတို့ ဘာတို့။ အဲ့လိုလူမျိုးတွေက ပြန်အော်ပေးမှ ငြိမ်သွားတတ်တာမျိုးပါ။ ငြိမ်ခံရင် ခံသလို ပိုအနိုင်ကျင့်ချင်ကြတယ်။ ဒါပေမယ့်လည်း ဒီအချက်ကြီးကို မကြိုက်ဘူး။ သည်းခံနိုင်အောင် ကြိုးစားရဦးမယ်။

၆။ ကိုယ်နဲ့ မဆိုင်ဘူးထင်ရင် လျစ်လျူရှုနိုင်လာတယ်။ ဒါက ကောင်းအောင် ပြောတာ… အမှန်ပြောရရင် သွေးအေးသွားတာပါ။ သူငယ်ချင်းအချင်းချင်းတောင် သိပ်ဂရုစိုက်တတ်တော့တာ မဟုတ်ဘူး။ တချို့က ဂရုစိုက်တာကို စပ်စုတယ်လို့ ထင်တတ်ကြ ပါသေးတယ်။ အဲ့တော့ ဂရုမစိုက်ဖြစ်တော့တာ များတယ်။ သူပြောချင်ရင် နားထောင်ပေးမယ်။ တိုင်ပင်လာရင် အကြံဥာဏ် ပေးမယ်။ ငယ်ငယ်တုန်းက အကျင့်တစ်ခု ရှိတယ်။ သူငယ်ချင်းတွေ အကြောင်းဆို အကုန်သိရမှ။ ကိုယ့်ကို မပြောပဲ ချန်ထားပြီး နောက်မှသိရင် သောင်းကျန်းပြီမှတ်။ ဘယ်လောက်တောင် သွေးအေးသွားလည်းဆို မမကတောင် စိတ်ကုန်လာတဲ့ အဖြစ်ပါ။

ကဲ… နောက်မှပဲ စဉ်းစားပြီး ဆက်ရေးပါ့မယ်။ အခုဆက်ရေးရင် ကိုယ့်ကိုကိုယ် အရမ်းစိတ်ကုန်သွားမှာ စိုးရိမ်ရတယ်။

Thursday, July 23, 2009

လူတွေ ပြောကြလွန်းသော အချစ်အကြောင်း (၂)

အချစ်အကြောင်းနဲ့ ပက်သက်လို့ မရေးဖြစ်တာ အတော်ကြာပါပြီ။ လူတွေ ပြောကြတဲ့ အချစ်ကလည်း ဒီတစ်ယောက်ကို ချစ်လှပါချည်ရဲ့ ဆိုပြီး အနှစ်နှစ် အလလ တငိုငို တရီရီနဲ့ ချစ်ခဲ့ပြီးတော့မှ နောက်ဆုံး ကွဲသွားပါလေရော။ ကွဲတာကမှ တစ်လမပြည့်သေးဘူး.. နောက်တစ်ယောက်နဲ့ လက်ထပ်သွားတယ်။ အဲ့လိုဆိုတော့ အချစ်ဆိုတာ ပြောင်းလဲလို့ လွယ်တဲ့ အရာလား။

ကျွန်မ လက်ခံထားတာက လူတစ်ယောက်ကို ချစ်ပြီဆိုရင် အဲ့ဒီလူရဲ့ စိတ်ချမ်းသာမှုက ကိုယ့်စိတ်သာယာမှုထက် ပိုအရေးကြီးသွားပြီ။ သူမပျော်မှတော့ ကိုယ်လည်း ဘယ်ပျော်နိုင်တော့မလဲ။ ဒါပေမယ့် လူတော်တော် များများကတော့ သူစိတ်ချမ်းသာအောင် ကိုယ်ပေးဆပ်ထားတာတွေက တစ်ချိန်မှာ ပြန်ရသင့်တယ် ဆိုတဲ့ စိတ်နဲ့ပါ။ အချစ်ဆိုတာ အကြွေးဆပ်သလို ပြန်ဆပ်ရမယ့် အရာလား။

တချို့ကျတော့လည်း ကိုယ့်ကို ပြန်မချစ်နိုင်မှန်း သိရဲ့သားနဲ့ ကိုယ့်တစ်ဘဝလုံးနီးပါး ဆက်ချစ်နေတဲ့ သူများလည်း တွေ့ဖူးပါရဲ့။ ယောက်ျား/မိန်းမ ရသွားတဲ့ အထိ စောင့်နေတတ်ကြ ပါသေးတယ်။ မတော် သူ့ ယောက်ျား/မိန်းမက သူ့အပေါ် မကောင်းခဲ့ရင် ဆိုတဲ့ စိတ်လေးနဲ့။ ဪ.. အချစ်ဆိုတာ ရူးသွပ်မှု တစ်မျိုးလား။

အချို့ယောက်ျားများ ကျတော့လည်း ချစ်တာကတော့ ဒီမိန်းကလေး တစ်ယောက်တည်းပါပဲ။ ဒီမိန်းကလေးက သူ့ကို မချစ်တော့ တခြားမိန်းကလေးနဲ့ တွဲတယ်။ ဒီမိန်းကလေးဘက်ကို လက်လျှော့လား ဆိုတော့လည်း မဟုတ်ပြန်ဘူး။ ဒီမိန်းကလေးက သူ့ကို လက်ခံမယ်ဆိုရင် တွဲနေတဲ့ မိန်းကလေးကို ချက်ချင်းဖြတ်မယ်ဆိုပဲ။ ကဲ.. ဒီပြင်မိန်းကလေးတွေတော့ မသိဘူး.. ကျွန်မကတော့ ကိုယ့်ရှေ့မှာတင် တခြားတစ်ယောက်နဲ့ တွဲနေတဲ့လူကို ဘယ်လိုမှ လက်ခံနိုင်မှာ မဟုတ်ဘူး။ ကျွန်မရဲ့ ငယ်သူငယ်ချင်း ယောက်ျားလေး တစ်ယောက်နဲ့ ဒီအကြောင်း ဆွေးနွေးဖြစ်ကျတော့ သူက ပြောတယ်.. အော်.. နင်ကလည်း ဒါကတော့ ယောက်ျားလေးပဲ ဒီလောက်တော့ ရှိမှာပေါ့တဲ့။ ကျွန်မ ဘာပြောရမှန်း မသိတော့ပါဘူး။ ဪ.. ယောက်ျားတွေက ဒီလိုပါလားလို့ပဲ မှတ်ထားလိုက်မိပါတယ်။

ကျွန်မအမြင်မှာတော့ မိန်းကလေးတစ်ယောက်ကို ချစ်ပြီဆိုရင် သူ့ရဲ့ ဂုဏ်သိက္ခာကို တန်ဖိုးထားရမှာပါ။ ချစ်လွန်းလို့ ခွဲမနေနိုင် တော့လို့ ခိုးပြေးတယ် ဆိုတာမျိုးကို ဘယ်လိုမှ လက်မခံနိုင်ပါဘူး။ ခိုးပြေးတယ်ဆိုကတည်းက အိမ်က သဘောမတူလို့ပါ။ သူ့အိမ်က သဘောမတူတာ အကြောင်းရင်း ရှိမယ်။ အဲ့ဒီ အကြောင်းရင်းကို သိအောင်လုပ်ပြီး သဘောတူလာအောင် အတတ်နိုင်ဆုံး ကိုယ့်ဘက်က ကြိုးစားရမှာပါ။ အကြောင်းမရှိပဲ သဘောမတူရင်တော့ တစ်မျိုးပေါ့။ ဒါပေမယ့် ခိုးပြေးတာကတော့ မိန်းကလေးကို တန်ဖိုး မထားလွန်းရာ ရောက်ပါတယ်။ အဲ့ဒီ့ မိန်းကလေးကို ပစ္စည်းတစ်ခုလောက် အနေနဲ့ပဲ သဘောထားရာ ရောက်သွားပါတယ်။ ခိုးရာလိုက်ပြေးတဲ့ မိန်းကလေးတွေကိုလည်း ကိုယ့်တန်ဖိုးကို ကိုယ်တိုင်ချတဲ့ သူများအဖြစ် သတ်မှတ်ပါတယ်။

အချစ်အကြောင်း ဒီမှာပဲ တစ်ခန်းရပ်ပါဦးမည်။ စဉ်းစားရင်း စဉ်းစားရင်းနဲ့ ဒေါသထွက်လာလို့ပါ။ ကျွန်မ အတွက်တော့ အချစ်ဆိုတာ ဘယ်လိုမှ ခံစားပေးလို့ မရသေးတဲ့ အရာတွေထဲက တစ်ခုပါ။

Extended text comes here.

Monday, May 18, 2009

Graduation

ကဲ.. သီရိတို့ poly မှာ သုံးနှစ်လည်း ပြီးပြီမို့ graduation ကို ရောက်လို့ လာပါပြီ။ သီရိတို့ သူငယ်ချင်းတွေလည်း graduation အတွက် စပြီး ပြင်ဆင်ကြပါပြီ။ အဓိကကတော့ အဲ့ဒီ့နေ့မှာ ဘယ်လို မိတ်ကပ်ပြင်ကြမလဲ ဆိုတာပါပဲ။ ဆိုင်သွားပြင်ရမှာကလည်း ပိုက်ဆံ တော်တော် ကုန်မည့် အဖြစ် (၂ခါတောင် ဆိုတော့.. ပထမက အစမ်း ၊ ဒုတိယက အစစ်)။ သီရိတို့ သူငယ်ချင်းတွေက အရင်စမ်းမကြည့်ပဲလည်း မလိမ်းရဲကြဘူးလေ။ ဒါနဲ့ ကိုယ့်ဟာကို ပြင်ဖို့ပဲ စဉ်းစားပြီး စမ်းလိမ်း ကြည့်ကြတာပေါ့။ အရင် မွန်သီစမ်းပါတယ်.. မလိမ်းတာကမှ လှသေးတယ်လို့ ပြောခံရတဲ့ အဖြစ်ပါ။ ဒုတိယကတော့ အိဖြူပေါ့.. ဟဲဟဲ.. သူက ပိုဆိုးတယ်.. တရုတ်တစ္ဆေနဲ့ တူတယ်ဆိုပဲ။ တတိယကတော့ ကျွန်မပါပဲ.. မွန်သီက အားပေးရှာပါတယ်.. သီရိကို ဘွဲ့လက်မှတ်ပေးမယ့် professor ထွက်ပြေးသွားနိုင်တယ်တဲ့။ ဒီလိုဆိုတော့ ဆိုင်ပဲ ပြေးရမယ့်ပုံ ပေါက်နေပါတယ်။ တစ်ခုတော့ ရှိတယ်.. ကျဲကျဲလာမှာဆိုတော့ သူ့ပဲ အားကိုးပြီး လိမ်းခိုင်းရမလားပဲ။

နောက်တစ်ခုကတော့ သူငယ်ချင်းတွေရဲ့ အိမ်က အဖေ အမေ အစ်ကို အစ်မ မောင်လေး ညီမလေးတွေ အကုန်လာကြမှာ ဆိုတော့ကာ လျှောက်လည်ရမယ့် ကိစ္စပါပဲ။ စင်္ကာပူ ကလည်း သေးလိုက်တာ ပြောမနေပါနဲ့တော့.. ဘာမှကို လည်စရာမရှိဘူး။ အဲ့ဒါကြောင့်မို့ သူငယ်ချင်းများကို အကြံညဏ်ပေးဖို့ အကူအညီ တောင်းချင်ပါတယ်။ အခုအောက်က list ကတော့ သီရိတို့ တစ်တွေ စဉ်းစားရသလောက်ပါ။

1. Duck Tour or other tours [SG's flyer + River Bank + tour]
2. Zoo Tour
3. Orchid Garden
4. Sentosa
5. East Coast
6. China Town
7. Little India

ဒါပါပဲ။ အခြားနေရာတွေ ကျတော့လည်း လူကြီးတွေနဲ့က မကိုက်ပြန်ပါဘူး။ Shopping တို့ ဘာတို့လည်း သူတို့က သွားချင်ပုံ မပေါ်ဘူး။ အဲ့တော့ ခေါင်းကိုက်နေပါ၏။ ဝိုင်းပြီး စဉ်းစားပေးကြပါလို့။

Please don't hesitate to leave comment. You can also shout at cbox. =)

Tuesday, May 12, 2009

သူငယ်ချင်း

ဒီနေ့တော့ “သူငယ်ချင်း” ဆိုတဲ့ ဘဝအတွက် အရမ်းအရေးကြီးတဲ့ စကားလုံးလေး အကြောင်း ဆွေးနွေးချင်ပါတယ်။ လူတွေမှာ ကိုယ့်မိသားစုပြီးရင် အရေးအကြီးဆုံးကတော့ သူငယ်ချင်းပါပဲ (at least for me) ။ လောကကြီးမှာ သူငယ်ချင်းမရှိပဲ နေလို့ မရပါဘူး။ တချို့ငြင်းချင်တဲ့ သူများကတော့ နေလို့ရတယ်လို့ ပြောချင်ပြောကြပါလိမ့်မယ်။ အဲ့လို နေတဲ့သူဆိုရင်တော့ ဝေးဝေးရှောင်ပါတော့ psycho ဖြစ်ဖို့ များပါတယ်။ ကဲ... လမ်းနည်းနည်း ချော်ချင်နေပြီ။ သူငယ်ချင်းကို ပြန်သွားကြစို့။

သူငယ်ချင်းဆိုကတည်းက အဆိုးအကောင်း အကျိုးအကြောင်းတွေကို မျှဝေခံစားပေးတဲ့ သူတွေပေါ့။ တစ်ခါတစ်လေမှာ ရန်ဖြစ်ကြမယ် ပြီးတော့ ပြန်ချစ်ကြမယ်ပေါ့။ ဒါပေမယ့် တစ်ခါတစ်လေမှာ ရန်ဖြစ်ပြီး ပြန်မချစ်ကြတာလည်း ရှိပါတယ်။ အဲ့လိုဆိုရင်တော့ အဲ့ဒီ ခင်မင်မှုမှာ တစ်ခုခု ချို့ယွင်းနေပါပြီဲ။ ဘယ်လို relationship မျိုးမှာ မဆို နားလည်မှု နဲ့ ပွင့်လင်းမှု က အရေးအကြီးဆုံးပါပဲ။ တစ်ယောက်ကို တစ်ယောက် နားလည် မပေးနိုင်ဘူးဆိုရင် ဘယ်လိုမှ ဒီလူနဲ့ ဆက်ဆံလို့ မဖြစ်တော့ပါဘူး။

နောက်ပြီး သူငယ်ချင်းတွေ အရမ်းခင်ကြတယ်… အရမ်းချစ်ကြတယ်… ဒါပေမယ့် တစ်ယောက်နဲ့ တစ်ယောက် မကျေနပ်တာတွေ၊ မကြိုက်တာတွေကို ပွင့်ပွင့်လင်းလင်း မပြောကြဘူးဆိုရင် “အမှိုက်ကစ ပြသာဒ် မီးလောင်” ဆိုသလို ဖြစ်နိုင်ပါတယ်။ အဲ့ဒါကြောင့်မို့ အမှိုက်မပစ်ချင် မပစ်နဲ့၊ ပစ်ပြီးရင်တော့ ပြန်ရှင်းသင့်ပါတယ်။ လောင်သွားပြီးလို့ ပြာဖြစ်သွားတော့မှ ပြန်ဆောက်ဖို့ မလွယ်တော့ပါဘူး ၊ ပြန်ဆောက်ဖြစ်ရင်တောင် နဂိုပြသာဒ်ကို ပြန်ရမှာ မဟုတ်ပါဘူး။ နဂိုပြသာဒ် ယောင်ဆောင်ထားတဲ့ အတုတစ်ခုကိုပဲ ရမှာပါ။

နောက်ပြီး Relationship တစ်ခုမှာ မျှတမှု ရှိသင့်ပါတယ်။ တစ်ကိုယ်ကောင်းဆန်လို့ မရပါဘူး။ ဥပမာ- ကိုယ်က သူတစ်နေရာရာ သွားရင် မလိုက်ပေးချင်ဘူး ၊ ok ရတယ်… ဒါဆို ကိုယ်သွားချင်ရင်လည်း သူလိုက်မပေးရင် စိတ်မဆိုးရဘူး။ အဲ့လိုမှမဟုတ်ပဲ ကိုယ်ကကျ လိုက်မပေးဘူး… သူ့ကိုကျ ကိုယ်သွားရင် လိုက်ပေးရမယ် ဆိုရင်တော့ ဒီ relationship က မကြာခင်မှာ ပြဿနာတက်တော့မှာပါ။ နောက်ပြီး လူဆိုကတည်းက အားလုံး ပြီးပြည့်စုံနေမှာ မဟုတ်ပါဘူး။ ကိုယ့်မှာလည်း အားနည်းချက်တွေ ရှိသလို သူ့မှာလည်း ရှိမှာပါပဲ။ အဲ့ဒီ အားနည်းချက်တွေကို အပြန်အလှန် နားလည်ပေးနိုင်မှ ဒီလူနှစ်ယောက်ရဲ့ ဆက်ဆံရေးက အဆင်ပြေနိုင်မှာပါ။ တကယ်လို့ သူ့မှာ ကိုယ် လက်မခံ နိုင်လောက်တဲ့ အချက်ရှိနေရင်တော့ အစကတည်းက မပေါင်းဖို့ အကြံပေးချင်ပါတယ်။

သီရိတို့လို သူများနိုင်ငံမှာ ကျောင်းတက်နေတဲ့ သူတွေအတွက်ဆို ပိုလို့တောင် ဆိုးပါသေးတယ်… သူငယ်ချင်း မရှိပဲ နေလို့ မရပါဘူး။ ဒီမှာတော့ သူငယ်ချင်းဆိုတာ မိသားစုပါပဲ။ အကူအညီလိုရင်လည်း ကူညီ၊ နေမကောင်းရင် ပြုစုပေး၊ ရင်ဖွင့်စရာ ရှိရင် ရင်ဖွင့်ကြ… နဲ့ တကယ့် မောင်နှမတွေလိုပါပဲ။ ကိုယ့်ရဲ့ ဒီက ပြဿနာတွေကို မြန်မာနိုင်ငံက မိသားစုကို ပြန်ပြောပြတော့လည်း သူတို့က ဘာမှလုပ်ပေးနိုင်မှာ မဟုတ်ဘူးဆိုတော့ သူငယ်ချင်းတွေနဲ့ပဲ ပြောဖြစ်တာများပါတယ်။ အဲ့ဒီလို အရမ်းတန်ဖိုးရှိတဲ့ သူငယ်ချင်းတွေရဲ့ တန်ဖိုးကို မရှိတော့မှ သိတတ်ကြတာ များပါတယ်။ နောက်ပြီး အနေဝေးသွားလို့ မခေါ်ဖြစ်တာမျိုးလဲ မဖြစ်အောင် ဂရုပြုသင့်ပါတယ်။ ဘယ်လောက်ပဲ အလုပ်များများ မေးလ် forward လုပ်တာလောက်တော့ လုပ်သင့်ပါတယ်။

နောက်ပြီး အကြံတစ်ခု ပေးချင်ပါတယ်… သီရိရဲ့ အတွေ့အကြုံအရ သူငယ်ချင်းတွေ ရန်ဖြစ်ပြီးလို့ ပြန်ချစ်ကြပြီ ဆိုရင်တောင် ဖြစ်ခဲ့တဲ့ ပြဿနာရဲ့ အကြောင်းရင်းကို ဆွေးနွေးသင့်ပါတယ်။ ဒါမှ နောက်တစ်ခါ ပြန်မဖြစ်အောင် ရှောင်နိုင်မှာပါ။ တော်တော်များများက အချင်းချင်း ပြန်ခေါ်ကြပြီ ဆိုရင် အပျော်လွန်ပြီး ဖြစ်ခဲ့တဲ့ ပြဿနာကို မေ့သွားတတ်ပါတယ်။ ဒါပေမယ့် နောက်တစ်ခေါက် ထပ်ဖြစ်တဲ့ အချိန်ကျမှ သူဒါမျိုးလုပ်တာ ၂ခါရှိပြီ ဘာညာ သာရကာနဲ့ ပြဿနာက ပိုကြီးသွားတတ်ပါတယ်။ ကဲ… သူငယ်ချင်းများ အချင်းချင်း အဆင်ပြေကြပါစေ။

PS: Dedicated to the friendship of my 2 very close friends.

Sunday, April 12, 2009

ငါရဲ့ပျောက်ဆုံးသွားတဲ့ ကမ္ဘာ

တစ်ခါတစ်လေ ငါရဲ့ ကလေးဘဝကို ပြန်စဉ်းစားမိတယ်။ ငါပိုင်ဆိုင်ခဲ့တာမှ ဟုတ်ရဲ့လားလို့ သံသယ ဝင်မိတယ်။ အရမ်းပျော်စရာကောင်းပြီး ငါ့ကို ချစ်တဲ့လူတွေ ဝိုင်းလို့ပေါ့။ အရမ်းနွေးထွေးတဲ့ မိသားစုတစ်ခုရှိလို့ ငါအမြဲ ဂုဏ်ယူခဲ့တယ်။ ဒါပေမယ့် ဒါတွေအားလုံးက ဟန်ဆောင်မှုတွေလို့ ငါဘယ်လို သိခဲ့မှာလဲ?
Extended text comes here.

Thursday, March 12, 2009

TEMPERAMENT

ဒီတစ်ခါတော့ နည်းနည်း အကျိုးရှိတာလေး ရေးချင်ပါတယ်။ သီရိ GEMs(General Elective Modules) မှာ သင်ဖူးတာလေးပါ။ သီရိ အကြိုက်ဆုံး module တစ်ခုပါ။ လူတွေရဲ့ temperament အကြောင်း သင်ယူရတာပါ။ ဘာတွေ သင်ပေးလည်း ဆိုတော့ အဓိက temperament ၄မျိုးအကြောင်းနဲ့ သူတို့ရဲ့ အားနည်းချက် အားသာချက် တွေပါ။ နောက်ပြီး သူတို့ရဲ့ leadership ပုံစံ ၊ follower ပုံစံ ၊ မိဘ ပုံစံ .. အဲ့ဒါတွေကို ပြောပြပြီး ဘယ်လို temperament မျိုးကိုဆို ဘယ်လို ဆက်ဆံသင့်တယ် ဆိုတာကို သင်ပေးတာပါ။

အဓိက temperament က ၄မျိုးရှိတာပါ။

ပထမတစ်မျိုးက Sanguine လို့ ခေါ်ပါတယ်။ အရမ်းကို စကားများပြီး လူတွေနဲ့ ပေါင်းသင်း ဆက်ဆံရေး အရမ်းကောင်းပါတယ်။ အခုမှ တွေ့ဖူးတဲ့သူနဲ့တောင် ငယ်သူငယ်ချင်းလိုမျိုး ပေါင်းတတ်တဲ့ သူမျိုးပါ။ ဒါပေမယ့် မတွေ့တော့ရင် ချက်ချင်းမေ့ သွားတတ်တဲ့ အစားမျိုးပါ။

ဒုတိယ တစ်မျိုးကတော့ Choleric လို့ ခေါ်ပါတယ်။ သူကတော့ အရမ်းကို direct ဖြစ်ပါတယ်။ ကွေ့ဝိုက်ပြီး လုပ်တတ်တဲ့ သူမျိုး မဟုတ်သလို ၊ သူလိုချင်တာကို မရရအောင် လုပ်တတ်တဲ့ သူမျိုးပါ။ နည်းနည်းတော့ ပေါင်းသင်းရ ခက်တဲ့ထဲမှာ ပါပါတယ်။ သူ့အတွက်သူပဲ တွေးတတ်တဲ့ အတွက် တစ်ကိုယ်ကောင်း ဆန်ပါတယ်။

တတိယကတော့ Melancholies ပါ.. သူကတော့ အရမ်း အသေးစိတ်ကျပြီး အတွေးထဲမှာ လွင့်မျောနေတတ်တဲ့သူပါ။ အဲ့ဒါကြောင့်မို့ အလုပ်တစ်ခုကို လုပ်ပြီဆို မပြီးနိုင် မစီးနိုင်ပဲ perfection ကို သွားတတ်တဲ့သူမျိုးပါ။ များသောအားဖြင့် deadline ကျော်ပြီး ဒုက္ခရောက်တတတ်တဲ့ အစားမျိုးထဲကပေါ့။

နောက်ဆုံးတစ်ခုကတော့ Phlegmatics လို့ ခေါ်ပါတယ်။ Phle ကတော့ San နဲ့ ပြောင်းပြန်ပါ.. လုံးဝ စကားနည်းပါတယ်။ သူ့ဘက်ကနေ ဘယ်တော့မှ စကားစပြောတယ်လို့ မရှိပါဘူး။ ခေါင်းလည်း မာပါတယ်။ နောက်ပြီး ကိစ္စတော်တော်များများကို မကောင်းမြင်တတ်ပါတယ်။ ဘဝကို အေးအေးဆေးဆေး ဖြတ်သန်းချင်တဲ့ သူမျိုးပါ။ ဘယ်သူခိုင်းခိုင်း အားနာပြီး လုပ်ပေးတတ်ပါတယ်။

ဒါတွေကတော့ temperament ၄မျိုးရဲ့ ယေဘူယျပုံစံပါ။

ဒီ temperament တစ်ခုချင်းစီကို ကိုယ်စားပြုတဲ့ လူဆိုတာ မရှိပါဘူး။ ဘာလို့လဲဆိုတော့ လူတစ်ယောက်မှာ အပေါ်မှာ ဖော်ပြထားတဲ့ temperament ၄မျိုးထဲက အနည်းဆုံး ၂ခုတော့ ပါဝင်နေပါတယ်။ ဘယ်အပိုင်းက ပိုများတယ်ဆိုတာပဲ ရှိတာပါ။ တချို့ဆို ၃မျိုး ၊ တချို့က အားလုံး ပေါင်းထားတာ မျိုးလည်း ဖြစ်တတ်ပါတယ်။ တစ်ခုကို ၂၅% စီပေါ့။ ကဲ.. ဒီ temperament တွေရဲ့ strength တွေ weakness တွေကိုတော့ နောက် post တစ်ခုမှာ ဆက်ဖတ်ပေးကြပါ။


Extended text comes here.