Tuesday, May 12, 2009

သူငယ်ချင်း

ဒီနေ့တော့ “သူငယ်ချင်း” ဆိုတဲ့ ဘဝအတွက် အရမ်းအရေးကြီးတဲ့ စကားလုံးလေး အကြောင်း ဆွေးနွေးချင်ပါတယ်။ လူတွေမှာ ကိုယ့်မိသားစုပြီးရင် အရေးအကြီးဆုံးကတော့ သူငယ်ချင်းပါပဲ (at least for me) ။ လောကကြီးမှာ သူငယ်ချင်းမရှိပဲ နေလို့ မရပါဘူး။ တချို့ငြင်းချင်တဲ့ သူများကတော့ နေလို့ရတယ်လို့ ပြောချင်ပြောကြပါလိမ့်မယ်။ အဲ့လို နေတဲ့သူဆိုရင်တော့ ဝေးဝေးရှောင်ပါတော့ psycho ဖြစ်ဖို့ များပါတယ်။ ကဲ... လမ်းနည်းနည်း ချော်ချင်နေပြီ။ သူငယ်ချင်းကို ပြန်သွားကြစို့။

သူငယ်ချင်းဆိုကတည်းက အဆိုးအကောင်း အကျိုးအကြောင်းတွေကို မျှဝေခံစားပေးတဲ့ သူတွေပေါ့။ တစ်ခါတစ်လေမှာ ရန်ဖြစ်ကြမယ် ပြီးတော့ ပြန်ချစ်ကြမယ်ပေါ့။ ဒါပေမယ့် တစ်ခါတစ်လေမှာ ရန်ဖြစ်ပြီး ပြန်မချစ်ကြတာလည်း ရှိပါတယ်။ အဲ့လိုဆိုရင်တော့ အဲ့ဒီ ခင်မင်မှုမှာ တစ်ခုခု ချို့ယွင်းနေပါပြီဲ။ ဘယ်လို relationship မျိုးမှာ မဆို နားလည်မှု နဲ့ ပွင့်လင်းမှု က အရေးအကြီးဆုံးပါပဲ။ တစ်ယောက်ကို တစ်ယောက် နားလည် မပေးနိုင်ဘူးဆိုရင် ဘယ်လိုမှ ဒီလူနဲ့ ဆက်ဆံလို့ မဖြစ်တော့ပါဘူး။

နောက်ပြီး သူငယ်ချင်းတွေ အရမ်းခင်ကြတယ်… အရမ်းချစ်ကြတယ်… ဒါပေမယ့် တစ်ယောက်နဲ့ တစ်ယောက် မကျေနပ်တာတွေ၊ မကြိုက်တာတွေကို ပွင့်ပွင့်လင်းလင်း မပြောကြဘူးဆိုရင် “အမှိုက်ကစ ပြသာဒ် မီးလောင်” ဆိုသလို ဖြစ်နိုင်ပါတယ်။ အဲ့ဒါကြောင့်မို့ အမှိုက်မပစ်ချင် မပစ်နဲ့၊ ပစ်ပြီးရင်တော့ ပြန်ရှင်းသင့်ပါတယ်။ လောင်သွားပြီးလို့ ပြာဖြစ်သွားတော့မှ ပြန်ဆောက်ဖို့ မလွယ်တော့ပါဘူး ၊ ပြန်ဆောက်ဖြစ်ရင်တောင် နဂိုပြသာဒ်ကို ပြန်ရမှာ မဟုတ်ပါဘူး။ နဂိုပြသာဒ် ယောင်ဆောင်ထားတဲ့ အတုတစ်ခုကိုပဲ ရမှာပါ။

နောက်ပြီး Relationship တစ်ခုမှာ မျှတမှု ရှိသင့်ပါတယ်။ တစ်ကိုယ်ကောင်းဆန်လို့ မရပါဘူး။ ဥပမာ- ကိုယ်က သူတစ်နေရာရာ သွားရင် မလိုက်ပေးချင်ဘူး ၊ ok ရတယ်… ဒါဆို ကိုယ်သွားချင်ရင်လည်း သူလိုက်မပေးရင် စိတ်မဆိုးရဘူး။ အဲ့လိုမှမဟုတ်ပဲ ကိုယ်ကကျ လိုက်မပေးဘူး… သူ့ကိုကျ ကိုယ်သွားရင် လိုက်ပေးရမယ် ဆိုရင်တော့ ဒီ relationship က မကြာခင်မှာ ပြဿနာတက်တော့မှာပါ။ နောက်ပြီး လူဆိုကတည်းက အားလုံး ပြီးပြည့်စုံနေမှာ မဟုတ်ပါဘူး။ ကိုယ့်မှာလည်း အားနည်းချက်တွေ ရှိသလို သူ့မှာလည်း ရှိမှာပါပဲ။ အဲ့ဒီ အားနည်းချက်တွေကို အပြန်အလှန် နားလည်ပေးနိုင်မှ ဒီလူနှစ်ယောက်ရဲ့ ဆက်ဆံရေးက အဆင်ပြေနိုင်မှာပါ။ တကယ်လို့ သူ့မှာ ကိုယ် လက်မခံ နိုင်လောက်တဲ့ အချက်ရှိနေရင်တော့ အစကတည်းက မပေါင်းဖို့ အကြံပေးချင်ပါတယ်။

သီရိတို့လို သူများနိုင်ငံမှာ ကျောင်းတက်နေတဲ့ သူတွေအတွက်ဆို ပိုလို့တောင် ဆိုးပါသေးတယ်… သူငယ်ချင်း မရှိပဲ နေလို့ မရပါဘူး။ ဒီမှာတော့ သူငယ်ချင်းဆိုတာ မိသားစုပါပဲ။ အကူအညီလိုရင်လည်း ကူညီ၊ နေမကောင်းရင် ပြုစုပေး၊ ရင်ဖွင့်စရာ ရှိရင် ရင်ဖွင့်ကြ… နဲ့ တကယ့် မောင်နှမတွေလိုပါပဲ။ ကိုယ့်ရဲ့ ဒီက ပြဿနာတွေကို မြန်မာနိုင်ငံက မိသားစုကို ပြန်ပြောပြတော့လည်း သူတို့က ဘာမှလုပ်ပေးနိုင်မှာ မဟုတ်ဘူးဆိုတော့ သူငယ်ချင်းတွေနဲ့ပဲ ပြောဖြစ်တာများပါတယ်။ အဲ့ဒီလို အရမ်းတန်ဖိုးရှိတဲ့ သူငယ်ချင်းတွေရဲ့ တန်ဖိုးကို မရှိတော့မှ သိတတ်ကြတာ များပါတယ်။ နောက်ပြီး အနေဝေးသွားလို့ မခေါ်ဖြစ်တာမျိုးလဲ မဖြစ်အောင် ဂရုပြုသင့်ပါတယ်။ ဘယ်လောက်ပဲ အလုပ်များများ မေးလ် forward လုပ်တာလောက်တော့ လုပ်သင့်ပါတယ်။

နောက်ပြီး အကြံတစ်ခု ပေးချင်ပါတယ်… သီရိရဲ့ အတွေ့အကြုံအရ သူငယ်ချင်းတွေ ရန်ဖြစ်ပြီးလို့ ပြန်ချစ်ကြပြီ ဆိုရင်တောင် ဖြစ်ခဲ့တဲ့ ပြဿနာရဲ့ အကြောင်းရင်းကို ဆွေးနွေးသင့်ပါတယ်။ ဒါမှ နောက်တစ်ခါ ပြန်မဖြစ်အောင် ရှောင်နိုင်မှာပါ။ တော်တော်များများက အချင်းချင်း ပြန်ခေါ်ကြပြီ ဆိုရင် အပျော်လွန်ပြီး ဖြစ်ခဲ့တဲ့ ပြဿနာကို မေ့သွားတတ်ပါတယ်။ ဒါပေမယ့် နောက်တစ်ခေါက် ထပ်ဖြစ်တဲ့ အချိန်ကျမှ သူဒါမျိုးလုပ်တာ ၂ခါရှိပြီ ဘာညာ သာရကာနဲ့ ပြဿနာက ပိုကြီးသွားတတ်ပါတယ်။ ကဲ… သူငယ်ချင်းများ အချင်းချင်း အဆင်ပြေကြပါစေ။

PS: Dedicated to the friendship of my 2 very close friends.

1 comment:

Phyo Maw said...

PS: ဆိုတာကို ရှေ့ဆုံးတင်ရေး ဒါမှ ဆိုင်တဲ့ ၂ယောက် မြန်မြန်လာဖတ်မှာ :P