Tuesday, September 15, 2009

ပြောင်းလဲမှု

ကျောင်း၃နှစ်လည်း ပြီးပြီ။ ငါ ဘာတွေ ပြောင်းလဲသွားလဲလို့ စဉ်းစားမိတယ်။ အများကြီးပါ… ကောင်းတာတွေရော မကောင်းတာတွေရော။ အချက်နဲ့ ပြောရင် ပိုကောင်းမယ်နဲ့ တူတယ်။

၁။ Internet ဆိုတာကို သိလာတယ်။ Online မှာ အချိန်တွေ အများကြီး ဖြုန်းမိတယ်။ ကောင်းတဲ့အချက်ကတော့ ဗဟုသုတတိုးတယ်။ သိချင်တဲ့ သတင်းတွေ ၊ အကြောင်းအရာတွေ ၊ အကုန်သိနိုင်တယ်။ အိမ် (မန္တလေး) မှာဆို ဘာလုပ်လဲလို့ ကိုယ့်ဟာကို ပြန်တွေးကြည့်တော့ အားရင် စာဖတ်ဖြစ်တယ်။ မဟုတ်ရင် မမနဲ့ တစ်နေရာရာ သွားချင်သွား။ ဒါမှမဟုတ် အမေနဲ့ အဒေါ်တွေကို လှည့်ချွဲ ၊ စကားတွေပြော။ တစ်ခါတစ်လေ သူငယ်ချင်းတွေနဲ့ အပြင်သွားပေါ့။

၂။ အရမ်းတကိုယ်ကောင်းဆန်လာတယ်။ အဓိကအကြောင်းအရင်းကတော့ မိသားစုနဲ့ မဟုတ်တာကြောင့်မို့ပါ။ အပြင်လူတွေနဲ့ပဲ အမြဲတမ်း ဆက်ဆံနေရတဲ့အခါမှာ အထူးသဖြင့် မကောင်းတဲ့သူတွေနဲ့ ဆက်ဆံရပါများလာတော့ လူက အလိုလို တကိုယ်ကောင်း ဆန်လာတယ်။ ဒီမှာက မြန်မာအချင်းချင်းတောင် ကောင်းကြတာ မဟုတ်တော့ ကိုယ့်ကိုကိုယ် ဘယ်လိုကာကွယ်ရမလဲ ဆိုတာကိုပဲ စဉ်းစားမိတယ်။ စလုံးတွေဆို ပိုတောင် ဆိုးသေး။

၃။ ပိုပြီး independent ဖြစ်လာတယ်။ အင်းလေ… ကိုယ့်ရှေ့မှာ ရပ်ပေးမယ့်သူ တစ်ယောက်မှ မှ မရှိတာပဲ။ ဘာဖြစ်ဖြစ် ကိုယ့်ဟာကိုပဲ ဖြေရှင်းရတာဆိုတော့။

၎။ ပိုပြီး ပွင့်လင်းလာတယ်။ အားနာတတ်တာမျိုးလည်း သိပ်မရှိတော့ဘူး။ ကြိုက်ရင် ကြိုက်တယ်.. မကြိုက်ရင် မကြိုက်ဘူး။

၅။ ပိုပြီးတော့လည်း ရန်လိုလာတယ်။ ငါ့ကို လာမထိနဲ့ ပြန်လုပ်လိုက်မယ်ဆိုတာချည်းပဲ။ ဒါကတော့ စလုံးတွေကြောင့်ပါ။ တချို့စလုံးတွေ အရမ်းမိုက်ရိုင်းပါတယ်။ လူကို အသားလွတ် လာအော်တာတို့ ဘာတို့။ အဲ့လိုလူမျိုးတွေက ပြန်အော်ပေးမှ ငြိမ်သွားတတ်တာမျိုးပါ။ ငြိမ်ခံရင် ခံသလို ပိုအနိုင်ကျင့်ချင်ကြတယ်။ ဒါပေမယ့်လည်း ဒီအချက်ကြီးကို မကြိုက်ဘူး။ သည်းခံနိုင်အောင် ကြိုးစားရဦးမယ်။

၆။ ကိုယ်နဲ့ မဆိုင်ဘူးထင်ရင် လျစ်လျူရှုနိုင်လာတယ်။ ဒါက ကောင်းအောင် ပြောတာ… အမှန်ပြောရရင် သွေးအေးသွားတာပါ။ သူငယ်ချင်းအချင်းချင်းတောင် သိပ်ဂရုစိုက်တတ်တော့တာ မဟုတ်ဘူး။ တချို့က ဂရုစိုက်တာကို စပ်စုတယ်လို့ ထင်တတ်ကြ ပါသေးတယ်။ အဲ့တော့ ဂရုမစိုက်ဖြစ်တော့တာ များတယ်။ သူပြောချင်ရင် နားထောင်ပေးမယ်။ တိုင်ပင်လာရင် အကြံဥာဏ် ပေးမယ်။ ငယ်ငယ်တုန်းက အကျင့်တစ်ခု ရှိတယ်။ သူငယ်ချင်းတွေ အကြောင်းဆို အကုန်သိရမှ။ ကိုယ့်ကို မပြောပဲ ချန်ထားပြီး နောက်မှသိရင် သောင်းကျန်းပြီမှတ်။ ဘယ်လောက်တောင် သွေးအေးသွားလည်းဆို မမကတောင် စိတ်ကုန်လာတဲ့ အဖြစ်ပါ။

ကဲ… နောက်မှပဲ စဉ်းစားပြီး ဆက်ရေးပါ့မယ်။ အခုဆက်ရေးရင် ကိုယ့်ကိုကိုယ် အရမ်းစိတ်ကုန်သွားမှာ စိုးရိမ်ရတယ်။