Sunday, February 10, 2008

အိမ်ပြောင်းရတဲ့ ဒုက္ခ ( ၂ )

ပထမ တစ်ခေါက် အိမ်ပြောင်း တုန်းက အဆင်မပြေလို့ ဒုတိယ တစ်ခေါက် ကိုတော့ အဆင်ပြေအောင် ဆိုပြီး စာမေးပွဲဖြေနေတဲ့ ကြားကကို အိမ်သွားကြည့်ပြီး ငှားခဲ့တာပါ။ စာချုပ်တွေ ဘာတွေ သေချာချုပ် ၊ ပြောင်းမယ့်နေ့ကိုလည်း အတိအကျပြောပြီး မပြောင်းလာခင် တစ်အိမ်လုံးကိုလည်း လုံးဝ သန့်ရှင်းပေးထားဖို့ ပြောပြီးသားပါ။ စာချုပ်ချုပ်တဲ့နေ့ကတော့ အိမ်ရှင်ရော ပွဲစားတွေရော အားလုံးက ကတိတွေ ပေးပြီး လုံးဝ အဆင်ပြေစေရမယ်.. ဘာညာပေါ့။

ဒီဇင်ဘာ ၁ရက်နေ့ ရောက်တော့ မနက်စောစောထ ၊ နောက်ဆုံး သိမ်းစရာရှိတာတွေ သိမ်းပြီး နေ့လယ်စာ သွားစားပါတယ်။ အဲဒီအချိန်မှာ တူတူနေမယ့် သူငယ်ချင်းက ဖုန်းဆက်လာတယ် … ပြောင်းမယ့်အိမ်က လူတွေက မဖယ်ပေးသေးဘူးတဲ့ ၊ ဒီနေ့လည်း ဖယ်ပေးမှာ မဟုတ်ဘူးတဲ့လေ။ အဲဒီသူငယ်ချင်း နှစ်ယောက်က November ၃၀ ညကတည်းက အိမ်အဟောင်းကနေ နှင်ချခံထားရတာပါ။ သူတို့က သူတို့ ပစ္စည်းတွေကို အိမ်အသစ်ကို ရွှေ့ပြီးပါပြီ။ ဒါပေမယ့် ဟိုလူတွေက ၁ ရက်နေ့မှာ မပြောင်းနိုင်ဘူးတဲ့… အိမ်ရှင်က စကားမှားပြောထားလို့ပါ။

သီရိ သူငယ်ချင်း နှစ်ယောက်ကို master bedroom တော့ ပေးထားတယ်။ ပေးတယ်ဆိုတာကလည်း သူတို့ ပစ္စည်းတွေကို အပြောင်ရှင်းပေးထားရုံပါ။ သူငယ်ချင်းက အရမ်းစိတ်ညစ်နေတဲ့ အသံပေါ်နေပါပြီ… ဖုန်းဆက်ပြီး သီရိတို့ ၂ ယောက်ကို အမြန်လာခဲ့ပါ ဆိုပြီး ခေါ်နေတာ။ အဲ့ဒါနဲ့ သီရိနဲ့ အတူတူနေတဲ့ သူငယ်ချင်းနဲ့ အိမ် အသစ်ကို လိုက်သွားပါတယ်။ အိမ်အသစ်ကို ရောက်တော့ အိမ်ရှေ့ပေါက်ဝမှာ ပေါင်မုန့် ထိုင်စားနေတဲ့ သူငယ်ချင်း ၂ယောက်ကို တွေ့ပါလေရော။

သူတို့ ပုံစံ ကြည့်ရတာ ညကလည်း အိပ်ရေးမဝတော့ တော်တော်ကို ပင်ပန်းတဲ့ပုံ ပေါက်နေပါတယ်။ အိမ်ထဲလည်း ဝင်မထိုင်ချင်လို့တဲ့ အပြင်မှာ ထိုင်နေတာ … ဟုတ်တော့လည်း ဟုတ်ပါတယ် အိမ်ထဲမှာက ပွစိတက်နေတာပဲ။ တော်တော်လည်း ညစ်ပတ်နေပါတယ် … သူတို့ ပစ္စည်းတွေကလည်း ရှုပ်ပွနေတာပါပဲ။ အိမ်ရှင်က မနက်ကတော့ လာပြီးသွားပြီတဲ့ ၊ ဒါပေမယ့် အလုပ်သွားပြီး ညနေ ၃နာရီမှ ပြန်လာမယ် ဆိုပဲ။ အရင်အိမ်ငှားတွေက ၂ရက်နေ့မှ ထွက်ပေးမယ်လို့ ပြောနေတယ်တဲ့လေ … သူတို့နှစ်ယောက်ကိုတော့ ဒီနေ့ည master bedroom ထဲမှာအိပ်လို့ ပြောတယ်တဲ့။ အင်း … ဘယ်လိုလုပ် အိပ်မလဲ … အဲဒီအိမ်မှာကဖြင့် ယောက်ျားလေးတွေက အများကြီး ၊ ဘယ်လိုလူစားမျိုးတွေ မှန်းလည်း မသိပဲ ဘယ်လိုလုပ် အိပ်ရဲပါ့မလဲ။

ကဲ…ရောက်မှတော့ မထူးဘူး … အပြင်မှာနေပြီးတော့ အရှုံးမခံနိုင်ဘူး ၊ အိမ်ထဲဝင်နေမယ် ဆိုပြီး သီရိနဲ့ သူငယ်ချင်းနဲ့ ခပ်တည်တည်ပဲ ဝင်သွားပါတယ် (အင်းလေ..ကိုယ်က ဒီအိမ်ကို ငှားထားတာပဲ ၊ အခုကိုယ်ပိုင်တယ် ၊ ဘယ်သူ့ကို ကြောက်ရမှာလဲ ဟုတ်ဘူးလား)။ အိမ်ထဲရောက်တော့ ဘယ်သူ့ကိုမှ မတွေ့ပါဘူး … master bedroom ကိုပဲ တန်းသွားလိုက်တယ် ၊ ကိုယ်နေမယ့် အခန်းဆိုတော့ လေ့လာကြည့်ရတာပေါ့။ အမလေး … ဝင် ဝင်သွားချင်း နေချင်စိတ်ကို ပျောက်သွားပါတယ် … ဟာ .. အခန်းထဲမှာ ညစ်ပတ်လိုက်တာ … လူမနေတာ တော်တော်ကြာနေတဲ့ပုံတောင် ပေါက်နေပါတယ်။ ကြမ်းပြင်မှာလည်း သဲ တရှပ်ရှပ်နဲ့ … အိပ်ရာတွေကလည်း ညစ်ပတ်လိုက်တာမှ အနံ့တွေတောင် ထွက်နေပါတယ်။ တက်တောင် ထိုင်ချင်စရာ မကောင်းပါဘူး … ဒါပေမယ့်လည်း အောင့်အီးသည်းခံပြီး ထိုင်လိုက်ပါတယ် ( မဟုတ်ရင်လည်း နေစရာက မရှိဘူးလေ ) ။

နောက်တော့ အဲ့ဒီအခန်းထဲမှာပဲ စောင့်ကြတယ် … စောင့်ကြတယ်။ အိမ်ရှင်ဆီ ဖုန်းဆက်လိုက် ၊ ပွဲစားဆီ ဖုန်းဆက်လိုက်နဲ့ တစ်ယောက်မှလည်း ရောက်မလာပါဘူး။ ပွဲစားတွေကလည်း တော်တော် အမြင်ကတ်ဖို့ ကောင်းပါတယ် ၊ သူတို့ကိစ္စပြီးတာနဲ့ ( ပွဲခရပြီးတာနဲ့ ) လုံးဝ လှည့်မကြည့်တော့ပါဘူး။ သီရိတို့ ဖုန်းဆက်တော့လည်း ဟိုလူလာမလိုလို ဒီလူလာမလိုလိုနဲ့ နောက်ဆုံးတော့လည်း ဘယ်သူမှ ရောက်မလာပါဘူး။ ညနေ ၃ နာရီခွဲလောက်မှ အိမ်ရှင် ပြန်ရောက်လာပါတယ်။ အိမ်ရှင်ရောက်လာတော့ သီရိနဲ့ သူငယ်ချင်းတွေနဲ့ ဝိုင်းပြောကြတာပေါ့ … အိမ်ရှင့် ကြည့်ရတာလည်း တော်တော်တာ့ သနားဖို့ ကောင်းပါတယ်။ ဒါပေမယ့်လည်း ကိုယ့်ကိုကိုယ် အရင် သနားရမယ်လေ … မဟုတ်ဘူးလား။

ဒါနဲ့ အစက လူဟောင်းတွေကို ၁ ရက်နေ့ည အပြီးပြောင်းခိုင်းမလို့ပါ ၊ အိမ်ရှင်က တော်တော် တောင်းပန်နေတာနဲ့ နောက်နေ့ မနက်ထိရွှေ့ပေးလိုက်ပါတယ် ၊ ၂ရက်နေ့ မနက် ၁၀ နာရီမှာ အိမ်ကနေ လုံးဝ ပြောင်းအပြီး ဖြစ်ရမယ်လို့ အိမ်ရှင်ကို ပြောခဲ့တာပါ။ ဒါနဲ့ အိမ်ရှင်နဲ့ ပြောပြီးသွားတော့ သီရိတို့ ပစ္စည်းတွေကို အဲဒီအိမ်ကို ရွှေ့ထားလိုက်ပါတယ်။ သီရိတို့ ပစ္စည်းတွေ အားလုံးကို master bedroom ထဲထည့်ပြီး သော့ခတ်ခဲ့မယ်ပေါ့လေ။ ဒါပေမယ့် ပစ္စည်းတွေ အားလုံးပြောင်းပြီး သော့ခတ်တော့မယ်ဆိုတော့မှ master bedroom သော့က ရှာလို့ မတွေ့ဘူး ဖြစ်နေရော။ နောက်ဆုံး ရှာမတွေ့တော့ သော့က ပျက်နေတယ်ဆိုပြီး ပြောပါလေရော (အရင် အိမ်ငှားအဟောင်းတွေကပါ ) ။ အင်း ပြဿနာပဲ … သော့ကလည်း ခတ်လို့မရ ၊ ပစ္စည်းတွေကလည်း အားလုံးထည့်ပြီးနေပြီ။ အဲဒီတော့လည်း မတတ်နိုင်ဘူး ၊ စိတ်ချချ မချချ ထားခဲ့ရတော့မှာပဲလေ။

အဲ့ဒီညကတော့ သီရိတို့ရဲ့ အိမ်အဟောင်းမှာပဲ သူငယ်ချင်း ၄ ယောက်လုံး အိပ်လိုက်ကြတယ်။ အဲ့ဒီအိမ်က အမကလည်း သဘောကောင်းတော့ ပြဿနာမရှိဘူးပေါ့ … ရှိတဲ့ ပြဿနာကတော့ အိပ်စရာ နေရာပါပဲ။ သီရိတို့ အခန်းထဲမှာက ကုတင်တစ်ခုပဲ ရှိတာလေ … အလျားလိုက်အိပ်ရင်တောင် သုံးယောက်ပဲ ဆန့်မှာ။ ဒါနဲ့ သူငယ်ချင်းတစ်ယောက်က ဆိုဖာပေါ်မှာပဲ တစ်ညလုံး အိပ်သွားတာ… စိတ်မကောင်းလိုက်တာ… ကိုယ့်သူငယ်ချင်းအတွက် စိတ်မကောင်းလေ ဟိုလူတွေကို စိတ်တိုလေပါပဲ။

နောက်နေ့မနက်ကျတော့ စောစောထပြီး အဲ့ဒီအိမ်ကို သွားလိုက်ပါတယ် … တော်သေးတာပေါ့ စောစောသွားလိုက်လို့။ သီရိတို့ ရောက်သွားတော့မှ အဲ့ဒီလူတွေက စပြောင်းကြတာပါ … ဟား … အမြင်ကတ်ဖို့ ကောင်းလိုက်တာ … ဘယ်လိုလူတွေမှန်းကို မသိဘူး။ သီရိ သူငယ်ချင်းက တော်တော်ကို ဒေါသထွက်နေပါပြီ … သူနဲ့ ဟိုလူတွေထဲက မိန်းကလေးတစ်ယောက်နဲ့ တရုတ်လိုတွေ ပြောပြီး ရန်ဖြစ်ကြပါလေရော။ သူတို့လည်း စပြောင်းနေပြီဆိုတော့ သီရိတို့လည်း မနက်စာ သွားစားနေလိုက်ပါတယ်။ စပြီးပြန်လာတော့ သူတို့လည်း ပြောင်းလို့ ပြီးနေပြီ။ ခဏနေတော့မှ အိမ်ရှင်ရောက်လာပါတယ် … အိမ်ကို သန့်ရှင်းရေး လုပ်ဖို့တဲ့ လူတစ်ယောက်ပဲ ခေါ်လာတယ်။ ဒီအိမ်ကြီးတစ်ခုလုံးကို ဘယ်လိုလုပ် ဒီတစ်ယောက်ထဲနဲ့ သန့်ရှင်းရေးလုပ်လို့ ပြီးမှာလဲ။

ကဲ … ထားပါတော့ ဟောဒီက ကျွန်မတို့လေးယောက်လည်း သန့်ရှင်းရေး ဝိုင်းလုပ်တာပေါ့။ စင်္ကာပူရဲ့ ထုံးစံအရဆိုရင် အိမ်က သီရိတို့ တက်နေတာနဲ့ လုံးဝ အသစ်လို သန့်ရှင်းပြီးသား ဖြစ်ရမှာပါ။ သန့်ရှင်းရေးလည်း စလုပ်ရော … သန့်ရှင်းရေးလုပ်ဖို့ ခေါ်လာတဲ့လူက English လိုနားမလည်တာနဲ့ သီရိတို့လည်း အအ စကားပြောနည်းနဲ့ပဲ communicate လုပ်လိုက်ရတယ်။ အရင်နေခဲ့တဲ့လူတွေ ဘယ်လောက် ညစ်ပတ်လည်းဆိုရင် သီရိတို့ ရေခဲသေတ္တာကို ၃နာရီလောက် ဆေးလိုက်ရပါတယ်။

တစ်အိမ်လုံးကိုလည်း ရေနဲ့တိုက် ၊ ဆိုဖာတွေလည်း ကိုယ့်ဟာကိုယ်ရွှေ့ ၊ ၃ ယောက်လုံး (တစ်ယောက်က နောက်နေ့ တင်ရမယ့် project အတွက် city hall သွားပြီး print ထုတ်နေတာပါ) လုံးဝ မနားရပါဘူး။ ဒါတောင် လာကူညီတဲ့ သူငယ်ချင်းတွေရှိလို့ တော်သေး။ တကယ်ကို အိပ်မက်ဆိုးပါပဲ … ဘယ်တုန်းကမှ ဒီလောက်ထိ မပင်ပန်းခဲ့ဖူးပါဘူး။ ပထမတစ်ခါအိမ်ပြောင်းတုန်းက အဆင်မပြေလို့ ဒုတိယတစ်ခါကို အဆင်ပြေအောင် အစစအရာရာ စီစဉ်ထားပါတယ်ဆိုမှပဲ ဒီတစ်အိမ်က ပိုဆိုးလို့နေပါတယ်။ ဒါကတော့ သီရိရဲ့ အိမ်ပြောင်းတဲ့ အတွေ့အကြုံပါပဲ။

No comments: