Tuesday, November 18, 2008

လွမ်းမောစရာ အထက်တန်း ကျောင်းသား ဘဝ

အခုတလော စာကများပါတယ် ဆိုမှပဲ လုပ်ချင်စိတ်က မရှိ။ ဘလော့ပဲ ရေးချင်နေသည်။ ဒီနေ့တော့ ငယ်ငယ်က အထက်တန်းကျောင်းမှာ ဆိုးခဲ့တာတွေကို ရေးချင်ပါတယ်။ သီရိတို့ မောင်နှမတွေ အားလုံးက သူငယ်တန်းကနေ ၁၀တန်းအောင်တဲ့ အထိ ကျောင်းတစ်ကျောင်း ထဲမှာပဲ တက်ခဲ့တာဆိုတော့ ကျောင်းက ဆရာမတွေနဲ့လည်း အကုန်သိ.. မေမေကလည်း ကျောင်းက အမှုဆောင်ထဲပါတော့ ပိုဆိုး။ ဟိုးငယ်ငယ် ကတည်းကနေ ၈တန်း အထိတော့ နာမည် ကောင်းရပါတယ် လိမ္မာတယ်ပေါ့.. အဲ.. ၉တန်းလည်း ရောက်ရော.. ရုံးခန်းရောက် တာလည်း ခဏခဏ.. ဒဏ်ပေးခံ ရတာလည်း ဘယ်နှခါမှန်း မသိ။ တကယ်တော့ သီရိတို့က ဆိုးတာ မဟုတ်ပါဘူး.. သီရိတို့ အတန်းပိုင်က ဆိုးတာ.. နာမည်ကြီး။ သူ့အတန်း ရောက်ရင် ဘယ်လောက် လိမ္မာတဲ့ သူဖြစ်ဖြစ် ဆိုးသွားတာချည်းပဲ။ သူကဆိုးတော့ ကျောင်းသား တွေကလည်း သူ့ကို အရွဲ့တိုက်ကြ။

ဘယ်လောက်ထိ ဆိုးလည်း ဆိုရင် သူလိုက်ရိုက်ရင် ကျောင်းသားတွေက အခန်းပတ်ပြေးကြတယ်။ သူက ဝတော့ မလိုက်နိုင်ဘူးလေ။ တစ်ခါတစ်လေဆို ကျောင်းသားတွေက သူ့သောက်ဖို့ ဝယ်ထားတဲ့ လက်ဖက်ရည်တွေ ခိုးသောက်ကြ.. ပြီးတော့ လက်ဖက်ရည် အစား ရေတွေရော။ တစ်ခါကတော့ သူ သီရိတို့ သူငယ်ချင်း အဖွဲ့ကို တော်တော် ဒေါခီးသွားပါတယ်။ ကျူရှင်တစ်ခုက စာမေးပွဲရှိလို့ အဖွဲ့လိုက် ကျောင်းပျက်ကြတာလေ။ အဲ.. ခွင့်မဲ့ ပျက်တာ မဟုတ်ဘူးနော်။ ခွင့်တိုင်ပြီးမှ ပျက်တာကို သူက ရန်လုပ်တယ်လေ (အဲ့ ကျူရှင်က သူသင်တဲ့ ဘာသာ မို့လို့ပါ)။ ဒါနဲ့ နောက်နေ့ ကျောင်းလာလာချင်း ကျောင်းပျက်တဲ့သူ အားလုံးကို မတ်တပ်ရပ်ခိုင်း ၊ နောက်ပြီး နင်တို့အားလုံး နောက်တစ်ခါ ကျောင်းမပျက်ပါဘူး ဆိုတဲ့ ဝန်ခံလက်မှတ် ထိုးရမယ်တဲ့။

အဲ့ဒီမှာ သီရိသူငယ်ချင်း (အတန်းပိုင် မျက်မုန်း အကျိုးဆုံးသူပါ) တစ်ယောက်က ဆရာမ အဲ့လိုတော့ လက်မှတ် မထိုးနိုင်ဘူး ဆိုပြီး ပြောပါလေရော။ နေမကောင်းရင် ဘယ်လိုလုပ်မလဲတဲ့.. နေမကောင်းရင်လည်း ကျောင်းလာ ရမှာလား ဆိုပြီး ပြောတော့ အတန်းပိုင် ပေါက်ကွဲ သွားပါတယ်။ လာ.. နင်တို့ အားလုံးလိုက်ခဲ့.. ရုံးခန်းသွားမယ် ဆိုပြီး ကျောင်းအုပ်ဆီ ပါသွားပါလေရော (ကျောင်းအုပ်နဲ့ သူနဲ့က ငယ်သူငယ်ချင်းတွေပါ)။ ရုံးခန်းကို အယောက် ၂၀လောက် ပါသွားတာပါ။ အုပ်စုလိုက်ကြီး ပျော်ပျော်ပါးပါး ပြုံးစိပြုံးစိနဲ့ ပါသွားကြတာပါ။ တစ်ယောက်မှလည်း စိတ်ညစ် မနေပါဘူး.. အားလုံးက အတန်းပိုင်ကြီးကို ကြည့်ပြီး ရီချင်နေ ကြတာပါ။ နောက်တော့ ကျောင်းအုပ်က ခွင့်စာရွက်တွေကို ကြည့်ပြီး ခွင့်ရက် အများဆုံးသူ ၅ယောက်ကို မိဘခေါ်ပါတယ်။ သီရိဝင်းထိုက် တို့က ရှေ့ဆုံးကပေါ့။

နောက်နေ့ မိဘတွေခေါ်လာတော့ ကျောင်းသားမိဘတွေ အားလုံးက ကျောင်းအုပ်နဲ့ အသိ ဖြစ်နေပါတယ်။ အဲ့ဒီတော့ ကျောင်းအုပ် ခမျာလည်း ဆူရအခက် ၊ အော်ရအခက် ၊ ရိုက်ရအခက်ပါ။ နောက်ဆုံးတော့ “နောက်ကျောင်း မပျက်တော့ပါဘူး” ဆိုတဲ့ စာကြောင်းကို ၅ယောက်ပြိုင်တူ ၅ခါအော်ခိုင်းပြီး ပြန်လွှတ်လိုက်ပါတယ်။ အတော်လေးကို ရီချင်စရာပါ.. ရိုက်သာခံ ရရင်တော့ အဲ့လိုရီနိုင်မယ် မထင်ပါဘူး။ သီရိတို့ ကျောင်းက အရိုက်ကြမ်းတဲ့ နေရာမှာ နာမည်ကြီးပါ။ ဘယ်သူ့ကို ဖက်ပြီး အရိုက်ခံချင်လဲ.. နန္ဒာလှိုင်လား ခိုင်သင်းကြည်လား.. ဟဲ.. အဲ့ဒါ ကျောင်းက တိုင်လုံးကြီးတွေကို နာမည်ပေးထားတာပါ။ ကျောင်းသားကို တိုင်ဖက်ခိုင်းပြီး နောက်ကနေ ဆရာက သူ့အရပ်ထက် ရှည်တဲ့ ကြိမ်လုံးနဲ့ အားကုန် ဆော်တာပါ။ သီရိ အကိုတွေဆို ခဏရင်း အဆော်ခံနေကျ။

အဲ့ဒီအတန်းပိုင်နဲ့ သီရိနဲ့က တစ်ရပ်ကွက်ထဲ နေတာပါ။ အမေတို့နဲ့က ဟိုးအရင်ကတည်းက အသိ.. အတန်းပိုင်က တစ်ခါတစ်လေ အိမ်ထိလိုက်ပြီး တိုင်တာပါ။ ဟီး.. အမေတို့ကလည်း အဲ့ဒီဆရာမ အကြောင်း သိပြီးသား ဆိုတော့ အေးဆေးပါ။ တစ်ခါကလည်း သူလုပ်တာနဲ့ သီရိသူငယ်ချင်း နှလုံးရောဂါသည် ရောဂါဖောက်လို့ သူ့အိမ်က ချက်ချင်းလိုက်လာပြီး ဆေးရုံပို့ လိုက်ရတဲ့ အဖြစ်။ အဲ့ဒီအချိန် ကစပြီး သူလည်း သိပ်မပြောရဲ တော့ပါဘူး။ ကျောင်းအုပ်က သူ့ကို ခေါ်ပြီး ကြိမ်းလိုက်တာလေ။ နောက်ဆုံး ကျောင်းပိတ်ခါနီး ဆရာကန်တော့ပွဲ မှာတောင် ပြဿနာက တက်သေး။ သီရိတို့ သူငယ်ချင်း တစ်တွေ စုပြီး ဆရာ ဆရာမတွေ အားလုံးကို ညီတူညီမျှ ကန်တော့တာကို တစ်ခြား ဆရာတွေကို လျှော့ကန်တော့ဖို့ ပြောတာပါ(သူ့ကို ပိုပြီး အရေးပေး စေချင်တာပါ)။ တကယ်ကို တွေ့ဖူးသမျှထဲမှာ အဆိုးဆုံး ဆရာပါပဲ။ စိတ်ထား မကောင်းတာတော့ မဟုတ်ပါဘူး။ ဘယ်လိုပြောရ မှန်းလည်း မသိပါဘူး။

ငယ်ငယ်တုန်းက အကြောင်းတွေ တွေးလိုက်ရင်တော့ ရီချင်စရာတွေချည်းပါပဲ။ Bigbag သီချင်းထဲကလိုပေါ့.. အတိတ်ကို ပြန်စဉ်းစားရင် ရုပ်ရှင်ကြည့်ရ သလိုပဲ ဆိုတာ အတော်မှန်တာပါ။ ဒီအကြောင်းရေးနေတဲ့ အချိန်မှာ သီရိတို့ ကျောင်းကြီးနဲ့ သူငယ်ချင်းတွေ.. ဆရာမရဲ့ ပုံရိပ်တွေကို ပြန်ပြီး မြင်ယောင်လာမိပါတယ်။ လွမ်းစရာကောင်းတဲ့.. တစ်ချိန်က ကျောင်းတော်ကြီးရယ်.. ငါဘယ်အချိန် နင့်ဆီ လာလည်နိုင်မလဲလို့ တွေးရင်း.. စာကျက်ရပါဦးမည်။ တော်သေးပြီ။

1 comment:

mmhan said...

အလုပ်များလို့.. အထက်တန်းကျောင်းရော ပိုလီကျောင်းရော လွမ်းနေပါတယ်ဆိုမှ ငိုချင်ရက် လက်တို့လုပ်ပြန်ပြီ