Saturday, November 10, 2007

မန္တလေးသူနဲ့ မန္တလေးယဉ်ကျေးမှု(၁)

သီရိက မန္တလေးသူပါ… မွေးကတည်းက Singapore မရောက်ခင်အထိ မန္တလေးမှာပဲ နေခဲ့တဲ့ မန္တလေးသူ စစ်စစ်ပါ။ သီရိတို့ မန္တလေးသူတွေက ကိုယ့်မြို့ကို အရမ်းချစ်သလိုပဲ… သီရိတို့ ညီအမတွေဆို ရန်ကုန်မှာ အဒေါ်တွေရှိလို့ တစ်လလောက်သွားပြီး နေကြည့်ပါဆိုတာတောင် သွားမနေနိုင်တဲ့ အဖြစ်ပါ။

သီရိ poly entrance ဖြေမယ် ဆိုတော့လည်း အမျိုးတွေ သူငယ်ချင်းတွေက ပြောတာပေါ့ …. ရန်ကုန်မှာ သွားပြီး ကျူရှင်တက်ပါလား အဲ့ဒီမှာဆိုရင် ပိုကောင်းတယ်ပေါ့ ၊ သူတို့ကတော့ စေတနာနဲ့ပေါ့နော် ဒါပေမယ့်လည်း သီရိက မန္တလေးကိုမခွဲနိုင်ဘူးလေ (မေမေတို့နဲ့ မခွဲနိုင်တာလည်းပါတာပေါ့)။ အဓိကကတော့ မန္တလေးမှာ နေရတာကို ကြိုက်တာပါ။

မြန်မာနိုင်ငံ မှာတုန်းက မန္တလေးကို ခွဲပြီးတော့ အကြာကြီး မနေဖူးဘူး ၊ အများဆုံးမှ ၁၀ရက် ၁၅ရက်ပေါ့။ ခရီးသွားပြီးလို့ မန္တလေးကို ပြန်ရောက်ပြီ ဆိုရင်တောင် အရမ်းပျော်တာပါ။

မန္တလေးရဲ့ culture တွေကိုလည်း အရမ်းချစ်တာပဲ။ အဲ့ဒါကြောင့်မို့ ပွဲတော်ရက်တွေဆိုရင် ဘယ်မှမသွားဘူး မန္တလေးမှာပဲနေတယ်။ ဥပမာ - သီတင်းကျွတ်တို့ တန်ဆောင်မုန်းတို့လိုမျိုးပေါ့ ၊ သင်္ကြန်ဆိုရင်တော့ ရိုက်ထုတ်ရင်တောင် မန္တလေးက မခွာပါဘူး စိတ်ချ ။ အဲ့ဒီလို ပွဲတော်ရက်တွေမှာဆိုရင် မန္တလေးမှာ အရမ်းပျော်ဖို့ကောင်းပါတယ်။

သီတင်းကျွတ်မှာ ဆိုရင် ကိုယ့်အိမ်ရှေ့မှာ မီးတွေ ထိန်နေအောင်ထွန်း ၊ မီးထွန်းပြီးရင်လည်း တစ်ချိန်လုံးစောင့်ကြည့်နေတာပါ… လေတိုက်လို့ မီးငြိမ်းသွားတာတို့ ဖယောင်းတိုင် ကုန်သွားတာမျိုးတို့ ဆိုရင် ချက်ချင်း ပြန်ထွန်းချင်တာလေ ၊ တစ်တိုင်လောက် ငြိမ်းသွားပြီး ကိုယ်ထွန်းထားတာလေး မလှတော့တာမျိုး မဖြစ်စေချင်လို့ပါ။ နောက်ပြီး မြို့ထဲမှာဆိုင်ကယ် ဒါမှမဟုတ် ကားနဲ့လှည့်ပြီး ဗျောက်ဖောက်ရတာကို အရမ်းပျော်တာပဲ ၊ ဗျောက်တွေ မီးရှူးပန်းတွေ အများကြီးဝယ်ပြီး မောင်နှမတွေ အများကြီး တစ်မြို့လုံးလှည့်ပြီး လျှောက်သွားရတာကို သီရိ အရမ်းကိုနှစ်သက်တာပါ။ မြို့ထဲက အိမ်တွေမှာ မီးအလှဆင်ထားတာတွေ ၊ ဖယောင်းတိုင်နဲ့ ပုံဖော်ထွန်းထားတာတွေကို လိုက်ကြည့်ရတာကလည်း အရသာတစ်မျိုးပါ။

နောက်ပြီး မဟာမြတ်မုနိဘုရား (ဘုရားကြီး) မှာ ဆီမီးတစ်ထောင် ထွန်းတဲ့ပွဲလည်း ရှိသေးတယ်။ သီရိတို့အိမ် ကလည်း ဘုရားကြီးနားမှာပဲလေ… ဒါပေမယ့်လည်း ငယ်ငယ်ကတည်းကနေ ကြီးတဲ့အထိ ရှားရှားပါးပါး တစ်ခါပဲသွားထွန်းဘူးတယ်။ လပြည့်နေ့မှာဆို ဘုရားမှာက လူတွေအရမ်းစည်ပါတယ်… ၆နာရီနောက်ပိုင်းဆို ပိုပြီးစည်ပါတယ်။

မန္တလေးမှာက ပူတော့ ဖြစ်နိုင်ရင် ညနေပိုင်း လောက်မှ အပြင်ထွက် လေ့ရှိကြတယ်။ အဲ့ဒီတော့ ဆီမီးထွန်းမယ့်သူတွေက လူတွေ အရမ်းမစည်ခင် ပြင်ဆင်ထားရပါတယ်။ ညနေသုံးနာရီ လောက်ကတည်းက သွားပြီးတော့ မီးစာတွေကို ဆီမီးခွက်ထဲ လိုက်ထည့်ရပါတယ် ၊ ငါးနာရီလောက်ကျမှ ရေနံဆီတွေ လိုက်ဖြည့်တာပါ။ မီးထွန်းဖို့ ပြင်ဆင်နေတဲ့နေရာမှာ တခြားသူတွေမဝင်ရပါဘူး စာရင်းပေးထားတဲ့လူတွေပဲဝင်လို့ရတာပါ။

၆နာရီထိုးခါနီး လောက်ကျမှ မီးလိုက်ထွန်းပါတယ်… အဲ့ဒီမှာ ဒုက္ခရောက်တာ တစ်ခုရှိပါသေးတယ်။ ဘုရားမှာဆိုတော့ စကပ်တိုတို့ ဘောင်းဘီတိုတို့ ဝတ်လို့မကောင်းဘူးလေ... ကလေးပဲရှိသေးတယ် ဆိုပေမယ့်လည်း… သီရိတို့ အိမ်ကလည်း ပေးမဝတ်ဘူးလေ ဘုရားသွားမယ်ဆိုရင် စကပ်ဆိုလည်း အရှည်ပဲဝတ်ရတယ် (ဘောင်းဘီရှည်ကျတော့လည်း ပူတော့မဝတ်နိုင်ဘူးလေ) ။ အဲ့ဒီတော့ သီရိနဲ့ ညီမလေးတချို့က စကပ်ရှည်နဲ့ မမတွေနဲ့ အဒေါ်ကတော့ ထမီနဲ့ပေါ့။

မီးတွေလည်း လိုက်ထွန်းရော ထွန်းကာစကတော့ ဘာမှမဖြစ်သေးဘူးပေါ့။ တော်တော်လည်း ထွန်းပြီးရော ထမီတွေ စကပ်တွေကို မီးမစွဲအောင် သတိကြီးကြီးထားပြီး လျှောက်ရပါတယ်။ ဆီမီးခွက်တွေကို စီထားတာက အတော်လေးစိပ်ပါတယ်။ ပိုဆိုးတာက သီရိဝတ်သွားတဲ့စကပ်က အပေါ်ကနေအောက်ကို ဝဲသွားတဲ့ပုံစံဆိုတော့ အတော်ကို ခက်ခက်ခဲခဲ ကျော်ဖြတ်ခဲ့ရတဲ့အချိန်လေးပါ။ မီးအရှိန်ဟပ်တော့ လူကလည်း ချွေးတွေပြိုက်ပြိုက်ကျနေပါပြီ… လိမ်းထားတဲ့ သနပ်ခါးနဲ့တော့ တော်တော်ကို ကြည့်ကောင်းနေမှာပေါ့ စဉ်းစားသာကြည့်ကြပါ။

နောက်တစ်ခုက သီတင်းကျွတ်မှာ မီးပုံးကား ဆွဲရတာကလည်း အလွန်အရေးကြီးတဲ့ အလုပ်တစ်ခုပါ (ကလေးတုန်းကပေါ့)။ သီတင်းကျွတ်မရောက်ခင် တစ်လလောက် အလိုကတည်းက မီးပုံးရောင်းတဲ့ဆိုင်တွေ ပုံနေပါပြီ။ မီးပုံးကားလေးတွေ ယုန်ပုံစံလေးတွေ သင်္ဘောပုံတွေ တိုးနယားတွေ စုံနေတာပါပဲ။ တစ်ခါတစ်လေ သီရိလိုချင်တာတွေ များနေရင် ဘယ်တစ်ခုဝယ်ရမလဲ ဆုံးဖြတ်ရတာကလည်း အတော်ခက်ခဲပါတယ်။ မေမေက တစ်ခါတည်းနဲ့ နှစ်ခုဝယ်ပေးလေ့ မရှိပါဘူး (၂ခါသွားရင်တော့ ၂ခုရတတ်ပါတယ်) … သီတင်းကျွတ်ပြီးသွားရင် သိမ်းရတာရှုပ်လို့ပါ (သိမ်းသာသိမ်းတာပါ နောက်တစ်နှစ်ကျရင် ပြဲကုန်ပြီဆိုတော့ အသစ်ထပ်ဝယ်တာပါပဲ မပြဲလည်း ဝယ်တာပါပဲ…ဟီး)။

သီတင်းကျွတ်မှာ စိတ်လှုပ်ရှားစရာ ကောင်းတစ်ခုကတော့ မီးပုံးတွေကို မီးစွဲပြီး မီးလောင်တာပါပဲ။ အဲဒီလိုလောင်ပြီဆိုရင် အပြေးအလွှား ရေပြေးယူပြီး အမောတကော မီးငြိမ်းရတာပါပဲ။ လောင်နေတုန်းကတော့ အားလုံးပူးပူးပြာပြာနဲ့ အလန့်တကြားပေါ့… ပြီးသွားရင် အဲဒါက ရီလို့မဆုံးတဲ့ ဟာသတစ်ခုပါပဲ ၊ တစ်ယောက်ပုံစံ တစ်ယောက်က ပြန်ပြောပြီးတော့ ရီလို့ကို မဆုံးနိုင်တော့ပါဘူး။

တစ်ခါတုန်းကတော့ အမဝမ်းကွဲတစ်ယောက်ရဲ့ ဆံပင်ကို မီးဟပ်ဖူးပါတယ်… (မီးဟပ်တယ်ဆိုပေမယ့်လည်း ဆံပင်တော်တော်များများကို မီးကျွမ်းသွားတာပါ) မီးသရဲလုပ်ကြရင်းနဲ့ပေါ့။ မီးသရဲဆိုတာရော သိကြရဲ့လားဟင်? မီးသရဲလုပ်တဲ့ယမ်းမှုန့် တစ်မျိုးကို ဆီမီးခွက်ထဲထည့်ပြီးတော့ တစ်ယောက်ကမှုတ်တဲ့အချိန်မှာ တစ်ယောက်က ဖယောင်းတိုင်မီးနဲ့ ရှို့လိုက်တဲ့သဘောပါ။ အဲဒီမှာ ယမ်းမှုန့်လွင့်သမျှနေရာမှာ မီးထတောက်တာပါ… ဒီလိုဆိုတော့ ယမ်းမှုန့်များရင် များသလို မီးလုံးအကြီးကြီးရတာပေါ့… အဲဒါကို မီးသရဲလို့ခေါ်တာပါ။ အခုတော့ ဆံပင်ကို ဘယ်လို မီးစွဲသွားသလဲဆိုတာ သိလောက်ကြရောပေါ့… အကိုဝမ်းကွဲက ယမ်းမှုန့်ကိုမှုတ်လိုက်တာ အဲဒီအမခေါင်းနားကို ရောက်သွားတာလေ။

သီရိတို့က သီတင်းကျွတ်မှာဆိုရင် ငယ်ငယ်တုန်းက သီရိတို့ မောင်နှမတွေအားလုံးကို စာသင်ပေးတဲ့ ဆရာမတွေနဲ့ လူကြီးတွေ (အိမ်ကလူကြီးတွေကို မဆိုလိုပါ) ကို အမြဲတမ်းကန်တော့ပါတယ်။ များသောအားဖြင့် သီတင်းကျွတ်လပြည့်နေ့မှာ သွားကန်တော့လေ့ ရှိပါတယ်။ သွားကန်တော့ပြီးလို့ မုန့်ဖိုးရပြီဆိုရင် မောင်နှမတွေအားလုံး ရသမျှမုန့်ဖိုးတွေအားလုံးကို စုပြီးတော့ နောက်နေ့ည (နောက်ဆုံးမီးထွန်းရတဲ့ည) မှာ ဖောက်ဖို့ ဗျောက်တွေ မီးရှူးပန်းတွေ ရသလောက်ဝယ်ထားပါတယ်။

သီတင်းကျွတ် လပြည့်ကျော် ၁ရက်နေ့ည မှာတော့ ည၁၂နာရီကျော်တဲ့အထိ အိမ်ရှေ့ဝရန်တာကနေ မီးရှူးပန်းဖောက်ကြတာပါ။ စောတုန်းကတော့ အိမ်အောက်မှာ ဗျောက်ဖောက်ကြတာပေါ့။ မီးပုံးပျံကတော့ လွှတ်တိုင်းမတက်လွန်းလို့ သိပ်မလွှတ်ဖြစ်ပါဘူး… ဒါတောင် အနည်းဆုံး ၃ ၄ လုံးလောက်တော့ ရလိုရငြားလွှတ်ကြပါသေးတယ်။ တစ်ခါတစ်လေတော့လည်း အောင်မြင်စွာနဲ့ ပျံတက်သွားတဲ့အခါ ကိုယ်လွှတ်တဲ့မီးပုံးပျံကို ပျောက်သွားတဲ့အထိ လိုက်ကြည့်ရတာလည်း စိတ်ချမ်းမြေ့မှုတစ်ခုပါပဲ။

ဒါကတော့ သီရိဖြတ်သန်းနေကျ သီရိတို့ မန္တလေးရဲ့ သီတင်းကျွတ်ပွဲတော်လေး အကြောင်းပါ… အဲ့ဒီလို မောင်နှမတွေ စုံစုံညီညီနဲ့ အပူအပင်မရှိပဲ သီတင်းကျွတ်ပွဲတော်လေးကို နောက်တစ်ခါ ဖြတ်သန်းချင်လိုက်တာ… မဖြစ်နိုင်မှန်းသိပေမယ့်လည်း ရင်ထဲက တောင့်တမှုလေးတစ်ခုပါ။

No comments: