Saturday, November 17, 2007

ကုမရတဲ့ရောဂါ

AIDS လို့တော့ မထင်လိုက်နဲ့နော် :P အလွမ်းရောဂါပါ … သီရိရဲ့ အလွမ်းရောဂါကတော့ စာမေးပွဲနီးရင် ရောဂါထတတ်ပါတယ်။ စာတွေလုပ်ရင်း စိတ်ရှုပ်လာရင် အိမ်ကို လွမ်းတော့တာပါပဲ။ အိမ်မှာဆိုရင် မေမေက ဘေးကနေ တစ်ချိန်လုံး စောင့်ပေးနေတာပါ။ အိပ်ငိုက်နေတယ်ထင်ရင် အိပ်ချင်ပြေအောင် လက်ဖက်သုတ်ပေး ၊ ဒါမှမဟုတ် ကော်ဖီဖျော်ပေး လက်ဖက်ရည် သောက်ချင်တယ် ဆိုရင်လည်း ချက်ချင်း သွားဝယ်ခိုင်းပါတယ် ( တစ်ခါတစ်လေ အဒေါ်အပျိုကြီးက ဖျော်ပေးပါတယ် )။

အရမ်းငိုက်နေရင်တော့ မေမေက လေ့ကျင့်ခန်း လုပ်ခိုင်းတတ်ပါတယ် ၊ လေ့ကျင့်ခန်းလုပ်တာမှ မရတော့ဘူး ဆိုရင်တော့ ခဏဝင်အိပ်ခိုင်းပြီး နာရီဝက် ၁နာရီလောက်ကြာမှ ပြန်နှိုးပေးပါတယ်။ သီရိမှာ အကျင့်ဆိုးတစ်ခု ရှိသေးတယ် ၊ အဲ့ဒီလို ခဏဝင်အိပ်ပြီး ပြန်လာနှိုးတဲ့ အချိန်ကျရင် လာနှိုးတဲ့လူကို အော်လွှတ်တတ်တာပါပဲ ( မအိပ်ခင်ကကျတော့လည်း မရရအောင်နှိုးနော်လို့ ပြောထားပါသေးတယ် )။

လူကြီးလား ကလေးလား မသိတော့ပါဘူး… လာနှိုးတဲ့သူ မှန်သမျှကို အော်တတ်ပါတယ် … ဟီး။ မေမေကတော့ စိတ်ရှည်လက်ရှည် နှိုးတတ်ပါတယ် … မေမေလာနှိုးရင်တော့ မအော်မိဘူးလိုပဲ။ ထလာရင်လည်း အိပ်ချင်မူးတူးနဲ့ စာကြည့်စားပွဲမှာ သွားပြန်ငိုက်နေတတ်ပါတယ်။ အဲ့ဒီတော့ မေမေက သီရိကို ရေချိုးခန်းထဲ ဆွဲခေါ်သွားပြီး ဇွတ်အတင်း မျက်နှာသစ်ခိုင်းတယ် … ဒီတော့မှပဲ အိပ်ချင်ပြေ သွားပါတယ်။

အခုဒီမှာတော့ နှိုးစက်ကိုပဲ အားကိုးပြီး နေနေရတာပါ။ နှိုးစက်မြည်တဲ့အချိန် မထရင်လည်း ကိုယ့်ဟာကိုယ် ခံပေတော့ပဲ။ လာဆွဲနှိုးမယ့် သူလည်း မရှိပါဘူး … အိပ်ချင်ပြေအောင် လုပ်ပေးမယ့် သူလည်း မရှိပါဘူး။ အဲ့ဒါကြောင့်မို့ စာမေးပွဲနီးရင် သီရိ ရောဂါထတတ်တာပါပဲ။

No comments: