Thursday, December 20, 2007

စင်္ကာပူမိုးနဲ့ မန္တလေးသူ

စင်္ကာပူမှာ မိုးအရမ်း များတယ် ဆိုတာ ပြောစရာမလိုပဲ သိကြလိမ့်လို့ ထင်ပါတယ် ( ကျွန်းနိုင်ငံမို့လို့ပါ ) ။ သီရိတို့ မန္တလေးမှာဆို မိုးရာသီမှာတောင် မိုးက ရွာခဲပါတယ်။ မိုးရွာရင်လည်း အိမ်က ထီးနဲ့ လာကြိုပေးလေ့ ရှိပါတယ် အဲ့ဒီတော့ သီရိမှာ ထီးယူတတ်တဲ့ အကျင့် မရှိပါဘူး ၊ ဒီလိုဆိုတော့ ပြဿနာတက်ပြီပေါ့။

အထူးသဖြင့် ဆောင်းတွင်းမှာဆို စင်္ကာပူမှာ မိုးအရမ်းများပါတယ် ၊ မိုးမရွာတဲ့နေ့ကို မရှိသလိုပါပဲ။ ဒါပေမယ့် သီရိကလည်း ထီးယူရမှာ ပျင်းတော့ တစ်ခါတစ်လေဆို မိုးတိတ်တဲ့အထိ ကျောင်းမှာ စောင့်နေရတတ်ပါတယ်။ နောက်ဆုံးတော့လည်း စင်္ကာပူမိုးကို မန္တလေးသူ အရှုံးပေးလိုက် ရပါတယ်။ အခုတော့ နေ့တိုင်း ဘယ်သွားသွား ထီးသယ် နေရပါပြီ။


Extended text comes here.

Saturday, December 1, 2007

အိမ်ပြောင်းရတဲ့ဒုက္ခ

ဒီဒုက္ခကို နိုင်ငံရပ်ခြားရောက်နေတဲ့ မြန်မာတော်တော်များများ ခံစားဖူးလိမ့်မယ်လို့ ထင်ပါတယ်။ မြန်မာနိုင်ငံမှာတုန်းကတော့ မွေးကတည်းက ဒီအိမ်မှာပဲ ဆိုတော့ အိမ်ပြောင်းရတဲ့ ဒုက္ခ ဆိုတာကို ဘာရယ်လို့တောင် မသိခဲ့ပါဘူး။ သီရိလည်း စင်္ကာပူ ရောက်မှပဲ ဒီဒုက္ခကို ခံစားရတော့ တာပါပဲ။ ပထမ တစ်ခေါက်တုန်းက အိမ်ရှင်က လမကုန် သေးပဲ အတင်းနှင်ချတာပါ… တော်တော်မုန်းဖို့ ကောင်းပါတယ်။

Vacation မို့ မြန်မာနိုင်ငံ ပြန်ပြီး ပြန်ရောက် ခါစပဲ ရှိပါသေးတယ်။ အိမ်ရှာ ချိန်လည်း မရပါဘူး… ဒါနဲ့ တွေ့တဲ့အိမ် တက်နေရတော့တာပါပဲ။ တော်သေးတာပေါ့ အသိအိမ်ကလည်း လူတင်ချင်နေတာနဲ့ အတော်ဖြစ်သွားလို့။ မဟုတ်ရင် သီရိနဲ့ သူငယ်ချင်းတော့ ဘတ်စ်ကား မှတ်တိုင်မှာပဲ အိပ်ရမလား ၊ hotel ကိုပဲရောက် သွားမလား မသိ တော့ပါဘူး။ အစက ပြောင်းမယ့် ရက်ကို သဘောတူ ပြီးသားပါ (အဲဒါကလည်း လမကုန်ခင်ပါပဲ) ။ နောက်တော့ အိမ်ရှင်က ညစ်ပတ်ပြီး အတင်း နှင်ချတာပါ။
အဲဒီနေ့တုန်းက မှတ်မိပါ သေးတယ်။ ကျောင်းကလည်း ၅နာရီမှ ပြီးတာပါ ၊ ပစ္စည်းတွေကလည်း ကောင်းကောင်း မသိမ်းရသေးပါဘူး ။ အိမ်ပြန်ရောက်တော့ တူတူနေတဲ့ သူငယ်ချင်းက စီးပြီး ပြောပါတယ် “ငါတို့ ဒီနေ့ညနေ ပြောင်းပေးရမယ်” တဲ့။ လူလည်း တော်တော် ပြူးပြူးပြာပြာ ဖြစ်သွားတာပါ။ အဲဒီတော့မှ တွေ့ရာတွေ ကောက်သိမ်း ၊ ရှိသမျှ ပစ္စည်းကို တွေ့ကရာ အိတ်ထဲ ကောက်ထည့်တော့တာပါပဲ ၊ ပွစိကို တက်နေတာပါပဲ။

ည၉နာရီ လောက်မှ အိမ်ပြောင်းလို့ ပြီးသွား ပါတယ်။ နောက်နေ့ မနက်လည်း ကျောင်းက သွားရဦးမှာ ဆိုတော့ ကျောင်းကို ဘယ်လိုသွားရမလဲ ဆိုတာ ဘတ်စ်ကား စမ်းစီးကြည့်ရပါသေးတယ်။ တော်ကြာ နောက်နေ့မနက် ကျောင်းမရောက်မှဖြင့် ဒုက္ခလေ။ လူက တော်တော်ကို ပင်ပန်းနေပါပြီ ၊ တစ်ကိုယ်လုံးလည်း နာနေပြီ အထုတ်တွေ သယ်ထားရတော့။ ဒီမှာကျတော့လည်း ကိုယ့်အားကိုယ်ကိုး ပြီး သယ်ရတာပါပဲ သယ်ပေးမယ့်သူ မရှိတော့ (ဒါတောင် သူငယ်ချင်း တချို့ လာကူညီပေးလို့သာပေါ့)။

မြန်မာနိုင်ငံမှာတုန်းကတော့ အိတ်သေးသေးလေးကိုတောင် မနိုင်ဘူး ဘာညာနဲ့ သယ်ခဲ့တာ မဟုတ်ပါဘူး။ ဒီရောက်တော့ ဘဝက ပြောင်းပြန်ဖြစ်သွားသလိုပါပဲ။ တစ်ခါတစ်လေတော့ ကိုယ့်ကိုကိုယ် အားကိုးပြီးနေရတာကို ပျော်ပေမယ့် တစ်ခါတစ်လေတော့လည်း ဝမ်းနည်းစိတ် ၊ အားငယ်စိတ်တွေ ဝင်တတ်ပါတယ် ။ ရိုးရိုး အိမ်ပြောင်း ရတာဆို ဘာမှ မဖြစ်ပေမယ့် အဲဒီတုန်းက အိမ်ရှင်နဲ့ နည်းနည်း ပြဿနာ တက်လိုက် ပါသေးတယ်။ ပွဲစားကို တော်တော် ညှိလိုက် ရပါတယ်။ အဲ့ဒီလို အချိန် ဆိုရင်တော့ အိမ်ကို တန်းပြေးချင်တော့တာပါပဲ။

အခု တစ်ခါ အိမ်ပြောင်း တာကတော့ အေးအေး ဆေးဆေးပဲ ဖြစ်မယ်လို့ မျှော်လင့်ပါတယ် ၊ နှင်ချမယ့် လူလည်း မရှိဘူး ၊ ပစ္စည်းတွေကလည်း ကောင်းကောင်းသိမ်းထားတယ် ဆိုတော့။ မနက်ဖြန်မှ ပြောင်းမှာဆိုတော့ သီရိလည်း ဘယ်လိုဖြစ်မယ်ဆိုတာ မပြောတတ်သေးပါဘူး။ အခုအချိန်ထိတော့ အေးဆေးပါပဲ။ :)

Thursday, November 22, 2007

တီကောင် နှင့် ကျွန်မ

သီရိတို့ ညီမ နှစ်ယောက်က ငယ်ငယ် ကတည်းက တွန့်တွန့် တွန့်တွန့် သွားတဲ့ အကောင်တွေဆို အရမ်းကို ရွံတာပါ။ အဲ့ဒီထဲမှာမှ တီကောင်ကို အရွံဆုံးပါ … ရွံတော့ တွေ့မှာလည်း ကြောက်တာပေါ့နော်။ အဲ့ဒီ တီကောင်ဆိုတဲ့ အကောင်ကလည်း ရွံတယ်ဆိုတဲ့ လူမှ တွေ့ တွေ့တတ်နိုင်တယ်။ သီရိမှာ မြန်မာနိုင်ငံ မှာတုန်းကတော့ တီကောင်ကို သိပ်မတွေ့ရတတ်ပါဘူး။ မန္တလေးမှာက အိမ်နားမှာ မြေကြီးလည်း မရှိ ၊ မိုးကလည်း နည်းတော့ တစ်နှစ်တစ်ခါတောင် မတွေ့ရတတ်ပါဘူး။ စင်္ကာပူရောက်မှပဲ မိုးရွာလို့ အပြင်ထွက်တိုင်း တီကောင်နဲ့ တွေ့တဲ့ ပြဿနာကို ဖြေရှင်းနေရပါတယ်။

တစ်ရက်က ကျောင်းသွားခါနီး အပြင်မှာ မိုးတွေ သည်းကြီးမည်းကြီးကို ရွာနေတာပါ။ သီရိနဲ့ အခန်းဖော် သူငယ်ချင်းနဲ့ ကျောင်းချိန် တူနေတာမို့ တူတူသွားဖြစ်ပါတယ်။ သီရိတို့ အိမ်ကနေ ဘတ်စ်ကား မှတ်တိုင်ကို ရောက်ဖို့ တောင်ကုန်းပေါ်ကနေ ဆင်းရပါသေးတယ်။ ဆင်းသွားတဲ့ လမ်းတစ်လျှောက် မှာလည်း ဘေးမှာ မြက်ခင်းတွေ ရှိပါတယ်။ ဒီတော့ လမ်းတစ်ဝက်လောက် ရောက်တော့ တွန့်တွန့်နဲ့ တီကောင်ကို မြင်ပါလေရော။ မြင်တော့ ကြောက်လန့်တကြားနဲ့ ခုန်လိုက်ရတာ … သူငယ်ချင်းက နောက်ကနေ လိုက်လာတာပါ ( လမ်းက ကျဉ်းတော့ ထီးနဲ့ဆို ၂ယောက် ယှဉ်လျှောက်လို့ မရဘူးလေ ) ။

နှစ်ယောက် ယှဉ်လျှောက်လို့ ရတဲ့နေရာလောက် ရောက်တော့ သီရိက ပြောတာပေါ့… “ရွံစရာကြီးနော်” ဆိုတော့ သူက “ဘာကိုလဲ” တဲ့။ “ဟင်…တီကောင်လေ မတွေ့ဘူးလား” ဆိုတော့ “မတွေ့ပါဘူး”တဲ့။ အမလေး ကံဆိုး လိုက်တဲ့ ငါနော်လို့ စိတ်ထဲက တွေးလိုက် မိပါတယ်။ နောက်တစ်ခါလည်း အဲ့ဒီ သူငယ်ချင်းနဲ့ပါပဲ Orchard ကိုသွားကြတာ… မြန်မာနိုင်ငံ ပြန်ဖို့ အတွက် Myanmar Embassy ကို သွားကြတာပါ။ အဲ့ဒီနေ့ကလည်း မိုးရွာထားပါတယ် … လမ်းလျှောက်နေတုန်း သီရိလျှောက်နေတဲ့ တည့်တည့်မှာ တီကောင် အကြီးကြီးပါ။ သူငယ်ချင်းက မမြင်သေးဘူး … သီရိက မြင်တာပါ။ တော်သေးတာပေါ့ မြင်လို့ မမြင်ရင် တက်နင်းမိပြီ သေချာတယ်။ တက်များ နင်းမိလို့ကတော့ မတွေးရဲစရာ။

ကြည့်ရတာ တီကောင် အရမ်းရွံတတ်တဲ့ သီရိနဲ့ တီကောင်နဲ့က ရေစက်ပါတယ် ထင်တယ်။ အခုရက်ပိုင်းမှာ ခဏ ခဏကို တွေ့နေတာပါ.. စိတ်ညစ်ဖို့ ကောင်းပါဘိ။

Tuesday, November 20, 2007

MisSiNg yOu

မိုးသည်းထဲမှာ ထီးတစ်ချောင်းကို ကိုင်ပြီး လမ်းလျှောက် နေတုန်းမှာ ငါအရမ်း အားငယ်ခဲ့တယ် ကြောက်လည်း ကြောက်နေခဲ့တယ်… ငါဘာကို ကြောက်နေတာလဲ ဆိုတာ ငါကိုယ်တိုင်လည်း မသိဘူး။ ငါ့ကို လုံခြုံမှုအပြည့်ပေးနိုင်တဲ့ တစ်ဦးတည်းသောသူက ငါ့အနားမှာ ရှိမနေဘူးလေ။
Extended text comes here.

Saturday, November 17, 2007

ကုမရတဲ့ရောဂါ

AIDS လို့တော့ မထင်လိုက်နဲ့နော် :P အလွမ်းရောဂါပါ … သီရိရဲ့ အလွမ်းရောဂါကတော့ စာမေးပွဲနီးရင် ရောဂါထတတ်ပါတယ်။ စာတွေလုပ်ရင်း စိတ်ရှုပ်လာရင် အိမ်ကို လွမ်းတော့တာပါပဲ။ အိမ်မှာဆိုရင် မေမေက ဘေးကနေ တစ်ချိန်လုံး စောင့်ပေးနေတာပါ။ အိပ်ငိုက်နေတယ်ထင်ရင် အိပ်ချင်ပြေအောင် လက်ဖက်သုတ်ပေး ၊ ဒါမှမဟုတ် ကော်ဖီဖျော်ပေး လက်ဖက်ရည် သောက်ချင်တယ် ဆိုရင်လည်း ချက်ချင်း သွားဝယ်ခိုင်းပါတယ် ( တစ်ခါတစ်လေ အဒေါ်အပျိုကြီးက ဖျော်ပေးပါတယ် )။

အရမ်းငိုက်နေရင်တော့ မေမေက လေ့ကျင့်ခန်း လုပ်ခိုင်းတတ်ပါတယ် ၊ လေ့ကျင့်ခန်းလုပ်တာမှ မရတော့ဘူး ဆိုရင်တော့ ခဏဝင်အိပ်ခိုင်းပြီး နာရီဝက် ၁နာရီလောက်ကြာမှ ပြန်နှိုးပေးပါတယ်။ သီရိမှာ အကျင့်ဆိုးတစ်ခု ရှိသေးတယ် ၊ အဲ့ဒီလို ခဏဝင်အိပ်ပြီး ပြန်လာနှိုးတဲ့ အချိန်ကျရင် လာနှိုးတဲ့လူကို အော်လွှတ်တတ်တာပါပဲ ( မအိပ်ခင်ကကျတော့လည်း မရရအောင်နှိုးနော်လို့ ပြောထားပါသေးတယ် )။

လူကြီးလား ကလေးလား မသိတော့ပါဘူး… လာနှိုးတဲ့သူ မှန်သမျှကို အော်တတ်ပါတယ် … ဟီး။ မေမေကတော့ စိတ်ရှည်လက်ရှည် နှိုးတတ်ပါတယ် … မေမေလာနှိုးရင်တော့ မအော်မိဘူးလိုပဲ။ ထလာရင်လည်း အိပ်ချင်မူးတူးနဲ့ စာကြည့်စားပွဲမှာ သွားပြန်ငိုက်နေတတ်ပါတယ်။ အဲ့ဒီတော့ မေမေက သီရိကို ရေချိုးခန်းထဲ ဆွဲခေါ်သွားပြီး ဇွတ်အတင်း မျက်နှာသစ်ခိုင်းတယ် … ဒီတော့မှပဲ အိပ်ချင်ပြေ သွားပါတယ်။

အခုဒီမှာတော့ နှိုးစက်ကိုပဲ အားကိုးပြီး နေနေရတာပါ။ နှိုးစက်မြည်တဲ့အချိန် မထရင်လည်း ကိုယ့်ဟာကိုယ် ခံပေတော့ပဲ။ လာဆွဲနှိုးမယ့် သူလည်း မရှိပါဘူး … အိပ်ချင်ပြေအောင် လုပ်ပေးမယ့် သူလည်း မရှိပါဘူး။ အဲ့ဒါကြောင့်မို့ စာမေးပွဲနီးရင် သီရိ ရောဂါထတတ်တာပါပဲ။

Friday, November 16, 2007

အညံ့ပြိုင်ခြင်း

သီရိတို့ သူငယ်ချင်းတွေ စာမေးပွဲနီးရင် လုပ်တတ်တဲ့အကျင့်ပါ။ တစ်ယောက်ပြီးတစ်ယောက် ဘာစာမှ မရသေးကြောင်း ၊ ဘယ်ဘာသာကို ဘယ်လိုမသိကြောင်း ၊ ရှိရင်ရှိသမျှ ဘာသာတိုင်းမှာ blur blur ဖြစ်နေကြောင်း ပြောတတ်ကြပါတယ်။ တစ်ယောက်က “နင်ကမှ တော်ပါသေးတယ်” လို့ပြောလိုက်ရင် အဲ့ဒီတစ်ယောက်က ကိုယ်ဘယ်လောက်ထိ စာမရသေးကြောင်း အော်ပြပါလိမ့်မယ်။ ကိုယ့်ကို စာရနေပြီလို့ ထင်မှာ အသေအလဲ ကြောက်ကြတာပါ ( အမှန်ကို အမှန်အတိုင်း သိစေချင်တဲ့ သဘောပါ )။ စာကလည်း စာမေးပွဲနီးမှ အသည်းအသန် လုပ်ကြတာဆိုတော့ ဟီး .. ဟီး.. ။ ဒီလိုပါပဲ… MST [ Mid - semester test ] တွေကို ကျော်ဖြတ်လာတာ … စိတ်ညစ်တယ် ဆိုတဲ့ စကားကို မရေမတွက် နိုင်အောင် ပြောရင်းနဲ့ပေါ့။ အခုလည်း အတန်းထဲက အမ၁ယောက်နဲ့ ကိုယ်မရတာတွေ ပြောရင်း အမက အညံ့ပြိုင်တာရပ်ကြပါစို့ လို့ ပြောလိုက်လို့ ရေးချင်စိတ်ပေါက်သွားတာပါ။ စာလုပ်ရင်း စိတ်မပါတော့လို့လည်း ပါတာပေါ့နော်။ အခုတော့ စိတ်ပါပါ မပါပါ ဆက်လုပ်ရပါဦးမည်။

Tuesday, November 13, 2007

မန္တလေးသူနဲ့ မန္တလေးယဉ်ကျေးမှု(၂)

ဒီနေ့တော့ သီရိတို့မန္တလေးရဲ့ အစဉ်အလာကြီးမားတဲ့ သင်္ကြန်ပွဲတော်အကြောင်း ပြောပြချင်ပါတယ်။ သင်္ကြန်မှာ ခရီးထွက်ဖို့ ခဏခဏ စဉ်းစားဖူးပါတယ်။ ဒါပေမယ့်လည်း နောက်ဆုံး အဖြေကတော့ မသွားတော့ဘူး ဆိုတာချည်းပါပဲ။ သင်္ကြန် အကြိုနေ့ မရောက်ခင် ၂ရက်လောက် အလိုမှာဆိုရင် မန္တလေးမှာ ရေတွေ စပက် နေပါပြီ။ ကျုံးဘက် မသွားလိုက်နဲ့ သွားလိုက် လို့ကတော့ ရွှဲပြီး ပြန်လာပြီသာ မှတ်တော့။ သီရိတို့ ငယ်ငယ်ကတည်းက သင်္ကြန်ဆိုရင် အိမ်ရှေ့မှာ မဏ္ဍပ် ထိုးပြီး ရေပက်နေကျ ... ကလည်း ကနေကျပေါ့လေ။ အိမ်မှာက မိန်းကလေးက များတော့ အလုပ် ဖြစ်တာပေါ့ ... ကိုယ့်ညီအမ တစ်တွေပေါင်းပြီး ကတာနဲ့ ပွဲစည်နေပြီ..။

သီရိတို့ ညီမတွေ ဘယ်လောက် အကဝါသနာ ပါလည်းဆိုရင် ငယ်ငယ် ကတည်းက အိမ်မှာအကဆရာမခေါ်ပြီး အကသင်ခဲ့တာပါ။ မေမေတို့ ညီမ တစ်တွေ ကလည်း ဒါမျိုးတွေ ဝါသနာပါတော့ အဒေါ်တွေ အားလုံးကလည်း အားပေးတာပေါ့။ သီရိ ဆိုရင်လည်း လူကြီးတွေ မြောက်ပေးတိုင်း ကွေးနေအောင် ကခဲ့တဲ့သူပါ။ သင်္ကြန်မရောက်ခင် ၁လလောက် အလိုကတည်းက အိမ်မှာအကတိုက် နေကြပါပြီ။ နေ့တိုင်းညတိုင်း စိတ်ပါတဲ့အချိန်တိုင်း ထပြီးအကတိုက် ကြတာပါပဲ။ သင်္ကြန်ရောက်ဖို့ ၂ပတ်လောက် အလိုမှာဆိုရင် အိမ်ရှေ့မှာမဏ္ဍပ်စဆောက်ပါပြီ... အဲ့ဒီလိုအချိန်ဆို အရမ်းပျော်တာပေါ့ ၊ ညီမတွေ အားလုံးလည်းအရမ်းတက်ကြွနေပါပြီ။

အကြို့ အကြိုနေ့ မှာတော့ ကျုံးဘက်ကို သွားပြီး မဏ္ဍပ် ဘယ်နှစ်ခုရှိလည်း ဆိုတာ သွားကြည့်ပါတယ်။ ရေဘူးတွေ ယူသွားပြီး သူများတွေကို ရေလိုက်ပက်တဲ့ အလုပ်လည်း လုပ်ရင်းပေါ့လေ။ ကျုံးကို ဆိုင်ကယ်နဲ့တော့ တစ်ခါမှ မပတ်ဖူးပါဘူး… မေမေက ဘယ်တော့မှ မလွှတ်ဘူးလေ။ လူအရမ်းများပြီး အန္တရာယ်များလို့တဲ့ … သီရိက တစ်ခါလောက်တော့ ဆိုင်ကယ်တွေ အများကြီးနဲ့ အုပ်စုလိုက်ကြီး ကျုံးပတ် ကြည့်ချင်တာပေါ့လေ… မန္တလေးသူပဲဟာ။ ဘယ်တော့မှ မအောင်မြင်ပါဘူး ၊ နောက်ဆုံးကျရင် မေမေက မလွှတ်တာချည်းပါပဲ။

အကြိုနေ့ မနက်မှာတော့ အဒေါ်အပျိုကြီးရဲ့ ဦးဆောင်မှုနဲ့ မဟာမြတ်မုနိဘုရားကို အာရုဏ်မှာ သွားဖူးလေ့ရှိပါတယ်။ အရမ်းကို ကြည်နူးဖို့ ကောင်းပါတယ် … ဘုရားကြီးကို မနက် အစောကြီး သွားဖူးပြီး ရလိုက်တဲ့ ကြည်နူးမှုမျိုးက ဘာနဲ့မှမတူပါဘူး။ စိတ်က အရမ်း အေးချမ်းပြီးတော့ ကြည်လင် နေပါတယ်။ အဲ့ဒီလို အချိန်မျိုးကလည်း တစ်နှစ်မှ တစ်ခါပဲရနိုင်တာပါ (ခါတိုင်းဆို သီရိတို့က ဘယ်တော့မှ အိပ်ရာက မထနိုင်ဘူးလေ)။

ဘုရားက ပြန်လာတဲ့ အချိန်လောက်ဆို ရေမပက် ကြသေးပါဘူး။ အဲ့ဒီတော့ အေးအေး ဆေးဆေး လမ်းလျှောက်လို့ ရပါတယ်။ အကြိုနေ့ ညနေပိုင်းမှ စပြီး ရေပက် ကြပါတယ်။ တစ်ခါတစ်လေ တော့လည်း အကြိုနေ့ မနက်မှာ မြို့ထဲကို လျှောက်ပတ်ကြည့် ကြပါတယ်။ ကျုံးဘက်မှာဆိုရင်လည်း အကြိုနေ့ မနက်မှာ ရေမပက်ကြသေးပါဘူး။ ညနေပိုင်းမှ ဖွင့်ပွဲနဲ့ အတူတူ စပက်ကြတာပါ။ မနက်ပိုင်းမှာတော့ ရေပိုက်တွေဘာတွေ စမ်းကြတာပေါ့။

သီရိတို့ မန္တလေးရဲ့ ချစ်ဖို့ကောင်းတဲ့ အစဉ်အလာလေး တစ်ခုကတော့ စတုဒီသာ ကျွေးတာပါပဲ။ အရမ်းကို မြတ်နိုးစရာကောင်းတဲ့ အစဉ်အလာလေးပါ။ လူတန်းစား ခွဲခြားခြင်း ဆိုတဲ့ စကားလုံးက စတုဒီသာ ကျွေးမွေးတဲ့ နေရာမှာ လုံးဝကို ပျောက်သွား တာပါ။ ဆင်းရဲတဲ့ သူရော ချမ်းသာတဲ့ လူရော ဒီနေရာမှာ အားလုံး တူတူ စားကြ တာပါ။ ကျွေးမွေးတဲ့ ကုသိုလ်ရှင် ကလည်း ပီတိတွေ အပြည့်နဲ့ပေါ့။ စားတဲ့ လူတွေကလည်း လျှောက်လည်ပြီး ဗိုက်ဆာဆာ နဲ့ဆိုတော့ စားကြတာ အားရပါးရပေါ့။

မန္တလေးမှာက လျှောက်လည်ကြတဲ့သူတွေဆိုလည်း ညလုံးပေါက်လည်ကြတာပါ။ ညဆိုလည်း အိမ်မပြန်ကြပဲ ညကတဲ့မဏ္ဍပ်တွေကို လှည့်ကြည့်ကြပါတယ် - ဥပမာ ဈေးချိုသူတို့ ၊ မြို့တော်ဝန်မဏ္ဍပ်တို့ အများကြီးပါပဲ။ မနက်ကျရင်လည်း အစောကြီး ကတည်းက ကျုံးဘက်ကို တိုးတဲ့လူက တိုးနေကြပါပြီ။ သီရိတို့ ညီမတွေကတော့ လျှောက်လည် ရတာထက် အိမ်ရှေ့မှာ ရေပက်ရတာကို ပိုပြီး ပျော်ပါတယ်။ လျှောက်လည်ရင် အသားအရေအရမ်းပျက်စီးလို့ပါ… နောက်ပြီး ရန်လည်းများတယ်…အရမ်းလည်း ပင်ပန်းပါတယ်။

တစ်နှစ်တလေ တော့လည်း မဏ္ဍပ် မထိုးပဲ ရေပက်ခံ ထွက်ဖူး ပါတယ်။ ဒါပေမယ့် နေ့တိုင်းတော့ မလည်နိုင်ပါဘူး … နောက်ပြီး နေ့တိုင်း လည်နိုင်တဲ့ လူတွေ ကိုလည်း တော်တော်ကို ချီးကျူးပါတယ်။ သီရိတို့ မန္တလေးရဲ့ နောက် အစဉ်အလာ တစ်ခုကတော့ အတက်နေ့ ညနေပိုင်းမှာဆိုရင် ရေခဲရေနဲ့ပဲပက်ရမယ်လို့ စည်းကမ်းထုတ်ထားသလိုပါပဲ။ အတက်နေ့ညနေဆို ဘယ်နေရာမှာဖြစ်ဖြစ် ရေခဲရေနဲ့ ပက်ကြပါတယ်(ရေခဲရေဆိုတာလည်း အဖြစ်သဘောမဟုတ်ပါဘူး ၊ တကယ့်ကို အေးစက်နေတာပါ)။

တစ်ခွက်လောက် ထိပြီဆိုရင် နာရီဝက်လောက် အချမ်းပြေအောင် ခုန်နေပေတော့ ။ ခိုက်ခိုက် တုန်နေအောင် ချမ်းနေပြီမို့ အိမ်ပြန် ကြလား ဆိုတော့လည်း အဖြေက absolutely no ပါ ။ ညလုံးပေါက် မဏ္ဍပ်တွေ ကနေ သရွေ့ လည်တဲ့ ကားတွေလည်း ရှိနေပါတယ်။ သင်္ကြန်ပြီးသွားမှာကို မန္တလေးသူ မန္တလေးသားတွေက အရမ်းကြောက် ကြတာပါ။ သီရိတို့ ဆိုလည်း အဝတ်စိုစိုတွေ ကို မလဲပဲ ဒီတိုင်း ဆက်နေကြတယ်… သင်္ကြန်ကို ခဏအချိန်ဆွဲထားတဲ့ သဘောပေါ့။ သီရိတို့လည်း အတက်နေ့ဆိုရင် ည၁၁နာရီ လောက်ထိ ကျုံးဘက်မှာ နေတတ်ပါတယ်။ မဏ္ဍပ်ထိုးရင်တော့ ၁၂ကျော်ကျော်လောက်ထိ ကကြတုန်းပါ။

နောက်နေ့ မနက် မြန်မာနှစ်ဆန်း ၁ရက်နေ့မှာတော့ အိမ်ကို သန့်ရှင်းရေး ဝိုင်းလုပ်ကြ ၊ ပြီးတော့ မုန့်တစ်ခုခု လုပ်စားနေကြပါ။ ညနေပိုင်းလောက်ကျရင်တော့ ဦးပိန်တံတားကို သွားလည် ပါတယ်။ အဲ့ဒီမှာဆိုရင် သီရိတို့လို သင်္ကြန်ပိုး မသေသေးတဲ့ လူတွေ အများကြီးပါ… ရှိသမျှ အကြော်ဆိုင် တွေလည်း လူတွေအပြည့်ပါပဲ။ တံတားပေါ်မှာလည်း အရမ်းစည်ပါတယ်… တွေ့သမျှ လူတွေ ကလည်း အင်္ကျီအသစ်တွေ ဝတ်လို့ပေါ့။ အဲ့ဒီညနေခင်းလေးကို မကုန်ပါစေနဲ့လို့ ဆုတောင်းရင်း…